ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်ရှိမြို့နယ်များမှ လူငယ်များ ပြည်ပထွက်အလုပ်လုပ်ကိုင်သူ တစ်နေ့ထက်တစ်နေ့ များလာနေ

By Western News/ 2022 June 15

ရခိုင်တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုများကြောင့် ပြည်ပကိုထွက်ခွာပြီး အလုပ်သွားရောက်လုပ်ကိုင်သူများ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာနေသည်။

ပြည်ပကို ထွက်ခွာအလုပ်သွားရောက်လုပ်ကိုင်ကြသူ အများစုမှာ အသက်လတ်ပိုင်း လူငယ်များနှင့် အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့မှာအသက် ၁၆ နှစ်မှ ၃၅ နှစ် အမျိုးသား၊ အမျိုးသမီးငယ်များဖြစ်သည်။ ယင်းအထဲတွင် ခေတ်ပညာတတ်လူငယ်များလည်းအများအပြားအပါအဝင်ဖြစ်သည်။

ယခင်က ဘိုးဘွားစဉ်ဆက်က လယ်ယာလုပ်ငန်းကို လုပ်ငန်း လုပ်ကိုင်သော်လည်း ယခုနှစ်များအတွင်း လယ်ယာလုပ်ငန်းသုံးပစ္စည်းများဈေးအဆမတန်မြင့်တက်လာ၍ လယ်ယာလုပ်ငန်းဖြင့် ဝမ်းရေးအဆင်မပြေသည့်အတွက် ပြည်ပထွက်ခွါအလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပုဏ္ဏားမြို့နယ်မှ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကိုကျော်နိုင်ချေကပြောသည်။

“ရွာမှာနေရင် လယ်လုပ်ဖို့အလုပ်ပဲရှိတယ်။ လယ်မလုပ်ချင်တော့လို့ ပြည်ပထွက်လာတာမျိုးတော့မဟုတ်ပါဘူး။ မိသားစုစားဝတ်နေရေး သားသမီးပညာရေး၊ ကျန်းမာရေး အစစအရာအရာမှာ ငွေကြေးဟာ အဓိကဖြစ်နေပါတယ်။ လယ်လုပ်ရင် ထမင်းတစ်ခုဖိုး ဝမ်းစာ သာသာပဲကာမိပါတယ်။ သားသမီး ပညာရေး ကျန်းမာရေးဖိုး မရနိုင်ပါဘူး။ ဒါကြောင့်နိုင်ငံထွက်ပြီးအလုပ်လုပ်ရတာပေါ့။ မိသားစုနဲ့ အနီးမှာပဲနေပြီး ကိုယ့်ပြည်တွင်း အလုပ်လုပ်ကိုင်နေချင်ပေမယ့် အလုပ်ကမရှိဘူးလေ။ ဒါကြောင့် နိုင်ငံရပ်ခြားကိုပဲ သွားရောက်ဖို့ရွေးချယ်ခဲ့ရတာ”ဟုဆိုသည်။

မြန်မာနိုင်ငံနှင့် အနီးဆုံးနိုင်ငံများဖြစ်ကသည့် ထိုင်း၊ တရုတ်၊ မလေးရှားအဆိုပါ နိုင်ငံများကို တရားမဝင် လမ်းကြောင်းဖြင့် ပွဲစားများကို လူတစ်ဦးစီကို ပွဲစားခ မြန်မာငွေကျပ် ၁၈သိန်းနှင့် သိန်း ၃၀ ကြားထိဈေးရှိနေသည်။

ယင်းသို့ ပွဲစားများဖြင့် သွားရောက်သည့်အခါ တစ်ဖက်နိုင်ငံကိုရောက်ရှိရန်အတွက် ခိုးဝင်ရခြင်းဖြစ်ပြီး ဖမ်းမိသွားလျှင် အကျဉ်းချုပ်ကျခံရသလို မြန်မာဖက်ကို ပြန်ပို့သည့်အတွက် ပွဲစားခပေးထားသည့်ငွေများလည်း ဆုံးရှုံးရသည်ဟု ဖမ်းဆီးခံရ၍ ရခိုင်ကိုပြည်လာရသူ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှ ကိုလှသန်းအောင်ကပြောသည်။

“ထိုင်းကို သွားရင် ပွဲစားခ ၁၈သိန်းလောက်ပေးရတယ်။ဒါတောင် စားနေစရိတ်တွေ သုံးစရိတ်တွေမပါသေးဘူး။ ပွဲစားတွေက အဆင်ပြေရင် ဒီနေ့ ဟိုဖက်နိုင်ငံကို ကူးမယ်ဆိုရင် ခိုးပြီးဝင်ရတယ် ။တောတွေကနေ ပြေးရတယ်။ ထိုင်းဖက်က နယ်စပ်မှာရှိတဲ့ ရဲတွေထင်တယ်။ သူတို့နဲ့ မတွေ့အောင် ပြေးရတာပေါ့။ တွေ့ရင် ဖမ်းခံရပြီ။ တစ်ချို့ဆို မပြေးနိုင်တော့လို့ ဖမ်းခံရတာတွေရှိတယ်။ ကျွန်တော်လည်း ကျွန်တော့်ဇနီးမပြေးနိုင် တော့လို့ ဖမ်းခံပြီး မြန်မာနိုင်ငံပြန်ပို့ခံရတာပေါ့”ဟုဆိုသည်။

ယခုကဲ့သို့ အသက်လတ်ပိုင်း လူငယ်များ နေ့စဉ်နေ့တိုင်းပြည်ပ ထွက်ရောက် အလုပ်သွားရောက်လုပ်ကိုင်ကြလာကြသည့်အတွက် ကျေးရွာများတွင် လူလတ်ပိုင်းများ မရှိသလောက်ရှားပါးလာပြီး ပွဲတော်များ ကျင်းပရာတွင် လူငယ်များ အခန်းကဏ္ဍများ အခက်အခဲဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။

ပြည်တွင်းတွင် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများစွာရှိနေသည့်အတွက် ယခုနှစ်တွင် ပြည်ပသွားရောက်သူပိုမိုများလာသလို ပညာရေးစနစ်တွင်လည်း ဘဝအတွက်အာမခံချက်နည်းပါးသည့်အတွက် ခေတ်ပညာတတ်လူငယ်များပါ ပြည်ပထွက်ခွါမှုပိုများလာခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်ကပြောသည်။

“အဓိကကတော့ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ဒူဘိုင်း အဲ့ဒီ ၆နိုင်ငံထွက်ကြတာပေါ့။ တိုင်းပြည်ရေးရဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ပြည်ပထွက်ခွါကြတာပေါ့။ အရင်ကမရှိခဲ့ဘူးလားဆိုရင် အရင်ကလည်းရှိခဲ့ပါတယ်။ ဒီနှစ်တွေမှာပိုများလာတာပေါ့။ ဒီလိုသွားကြတဲ့အထဲမှာ ခေတ်ပညာတတ်လူငယ်တွေလည်း ပါလာတာပေါ့။ ဘာလို့လဲဆိုတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ရင် ပညာရေးမှာ လက်တွေ့ဘဝအာမခံချက်ကမရှိဘူးဖြစ်နေတယ်။ ဒါတွေကြောင့်လည်း ပြည်ပထွက်ခွာကြတာတွေများလာတာပေါ့”ဟုပြောသည်။

ယခင်က လူငယ်အများစု ရန်ကုန်ရှိ စက်ရုံအလုက်ရုံများတွင် လုပ်ကိုင်မှုများခဲ့သော်လည်း ကိုဗစ်ကာလကတည်းက စက်ရုံတွင် လုပ်သားအင်အားလျော့ချမှု၊ အပြီးတိုင်ပိတ်လိုက်သည်တို့ရှိ၍ အလုပ်အကိုင်အခွင့်အလမ်း ပိုရှားပါးလာသည်ဟု ၎င်းက ဆိုသည်။

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြသူများမှာ ထိုင်းနိုင်ငံ၊ မလေးရှာင် နှင့် င်္စကာပူနိုင်ငံများ၌ အိမ်အကူ၊ စက်ရုံအလုပ်ရုံများ၊ ပန်းရံအလုပ်၊ စိုက်ပျိုးရေး ခြံများတွင် အလုပ်လုပ်ကိုင်ကြပြီး နေထိုင် စားသောက်စရိတ်အပါ လစာငွေ ၃ သိန်းမှ ၅သိန်းကျပ် အထိရရှိကြသည်ဟုလည်း ပြည်ပသွားရောက်လုပ်ကိုင်သူများပြောပြချက်အရသိရသည်။

ကျနော်က မလေးရှားသွားတာဗျ။ မလေးရှားသွားတဲ့ လမ်း အဖမ်းခံရတယ်။ ကျတော်အသုတ်မှာ ၁၀၀ နီးပါးရှိတယ်။ အကုန်အဖမ်းခံရတယ်။ ပေးထားတဲ့ပွဲစားခလည်းဆုံးတယ်။ မလေးရှားသွား ပထမ သိန်း ၂၀ ပေးတရယ်။ မလေးရှားရောက်ရင်တော့ နောက်ထပ် ၁၀ သိန်းပေးရမှာပေါ့”ဟု မင်းပြားမြိို့နယ်  ပန်းမြောင်းတိုက်က ဒေသခံတစ်ဦီးက ပြောသည်။

တရုတ်၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံများကို တရားမဝင်လမ်းကြောင်းမှ အလုပ်လုပ်ကိုင်ရန်သွားရောက်နေကြသည်မှာ နေ့စဉ်လိုလို ရှိနေပြီး လူဦးရေ ရာဂဏန်းမှ ထောင်ကဏန်းအထိရှိနေသည်ဟု ရခိုင်အမျိုးသားကွန်ရက်မှသိရသည် ။

https://www.facebook.com/westernnewsagency/posts/543660157440493

Leave a Reply

Your email address will not be published.