By Western News/ 2022 June 20
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာက လူငယ် ၂ ဦးကို မြန်မာစစ်ကဖမ်းဆီးသွားပြီးနောက် လက်ရှိအချိန်အထိ မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ပြတ်တောက်နေကြောင်း ကာယကံရှင် မိသားစုများက Western News ကိုပြောဆိုသည်။
ပေါက်တောပြင်ကျေးရွာက အသက် ၁၇ အရွယ်ရှိ မောင်မင်းအောင်ခိုင်နှင့် အသက် ၁၈ နှစ်အရွယ်ရှိ မောင်နိုင်မျိုးထွန်းတို့ကို ဇွန် ၁၆ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်က ပုဏ္ဏားကျွန်းရထားဘူတာအနီးတွင် ၅၅၀ တပ်ရင်းက ဖမ်းဆီးခဲ့ဖြစ်ဖြစ်ကြောင်း မိသားစုများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံးမှ ဆေးကုသ၍ မိမိနေရပ်ဖြစ်သည့် ပေါက်တောပြင်ကျေးရွာသို့ ဆိုင်ကယ်နှင့် ပြင်လာစဉ်တွင် ပုဏ္ဏားကျွန်းမြို့ ရထားဘူးတာအနီးတွင် ၅၅၀ တပ်ရင်း စစ်ကောင်စီတပ်သားများ၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း မောင်မင်းအောင်ခိုင်၏ ဖခင်ဖြစ်သူ ဦးမောင်စောမြက Western News ကိုပြောသည်။
“ပုဏ္ဏားကျွန်း ဆေးရုံးကနေ ပြန်လာတဲ့အချိန် ရထားလမ်းနားမှာ အဖမ်းခံရတာပါ။ ကျနော်သားရယ် သူ့ရဲ့ ဦးလေးရယ် နှစ်ယောက်လုံးအဖမ်းခံရတာ။ ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်က စစ်ကောင်အဖွဲ့တွေကဖမ်းသွားတာ။ သူတို့က ရွာကို ဆိုင်ကယ်နဲ့ ပြန်လာရာနေ ဖမ်းဆီးခံရတာပါ”ဟုပြောသည်။
မောင်မင်းအောင်ခိုင်တွင် ပြီးခဲ့သည့် ဧပြီလက ဆိုင်ကယ်မှောက်လဲထား၍ နားရွက်အောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းဒဏ်ရာကို မကြာခဏ ပုဏ္ဏားကျွန်းဆေးရုံသို့ သွားပြနေရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆက်လက်၍ ပြောသည်။
၎င်းတို့ နှစ်ဦးကို ဖမ်းဆီးပြီးနောက် ၄ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း ဖမ်းဆီးခံရသည့် နောက်တစ်ဦးဖြစ်သည့် မောင်နိုင်မျိုးထွန်း၏ ဖခင်ဖြစ်သူ ဦးစိုးနိုင်ဝင်းက ပြောသည်။
“ဖမ်းသွားတာ ၅၅၀ တပ်ကနေ ဖမ်းသွားတာပါ။ ဖမ်းသွားနေကတည်းအခုအချိန်အထိ သတင်းအချက်လက်တစ်စုံတစ်ရာမရဘူး။ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘယ်ရှိနေတယ်ဆိုတာလည်းမသိဘူး။ အရမ်းကိုစိုးရိမ်မိတယ်။ အသက်အန္တရာယ် တစ်ခုခု လုပ်မှာစိုးရိမ်တယ်။ ကျနော်တို့သားတွေမှာ ဘာမှ အပြစ်မရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေခြင်း မရှိခဲ့ပေ။
Western News ၏ ကောက်ယူထားသည့် ဖမ်းဆီးခံရသည့် စာရင်းတစ်ချို့မှာ ပုဏ္ဏားကျွန်းမြို့တွင် နေထိုင်ကြသူများဖြစ်ကြသည့် ဦးကျော်မင်း အသက် ၆၁ နှစ်၊ ဦးဝင်းမောင်သန်း အသက် ၄၀ နှစ်၊ ဦးထွန်းလှိုင် အသက် ၃၅ နှစ်၊ ဦးဘလှိုင် အသက် ၄၀ နှစ်၊ ဦးမျိုးသွင် အသက် ၂၈ နှစ် တို့ဖြစ်ကြသည်။
ပုဏ္ဏားကျွန်းပေါ်တွင် ဇွန် ၁၆ ရက်နေ့က ဖြစ်စဉ်နှင့်ပတ်သတ်၍ မြို့ခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး တစ်ချို့ ဖမ်းဆီးခံရသူများ၏ စာရင်းများကို ဆက်လက်ကောက်ခံနေဆဲဖြစ်သည်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များသည် မြို့ထဲကို အဝင်အထွက် လုပ်လျက်ရှိပြီး ညနေ့ ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားကြောင်း သိရသည်။
ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ဆောက်လုပ်ရေး ပစ္စည်းဝယ်ရန် လာသည့် စစ်ကောင်စီတပ်သား ၂ ဦးအား ရက္ခိုင့်တပ်တော် AA ဖမ်းဆီးခဲ့ရာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့၍ စစ်ကောင်စီတပ်သားများကိုလည်း ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
https://www.facebook.com/westernnewsagency/posts/547020583771117