(လက်နက်ကြီး၊လက်နက်ငယ်အပြည့်အစုံဖြင့် မြို့တွင်း သွားလာကာ ပစ်ဖောက် မှုတွေ ပြုလုပ်နေ)
By Boder News Agency (BNA) / 2022 June 18
စစ်ကောင်စီတပ်ဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ပုဏ္ဏားကျွန်း မြို့ပေါ်မှာ လက်နက်အင်အား အပြည့်အစုံနဲ့ သွားလာပြီး သေနတ်ပစ်ဖောက် တာ၊ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက် နေ့လည်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး ၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီကနေစပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေ၊ စက်သေနတ်တွေအပါအဝင် လက်နက်အပြည့်အစုံနဲ့ မြို့ပေါ်ရပ်ကွက်တွေ၊ လမ်းဆုံ၊လမ်းခွတွေမှာ သွားလာနေခဲ့တာပါ။
ဒါ့အပြင် သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်ပြီး နေအိမ်တံခါးတွေကို ထုနှက်ဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီး၊ စစ်ဆေးပြီးခေါ်ဆောင်သွား တာတွေကို ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
မြို့ခံသတင်းရင်း မြစ်တွေရဲ့ ပြောပြချက်အရ ယခုအချိန်ထိ စစ်ကောင်စီတပ် ဖွဲ့ဝင် တွေဆီမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသူပေါင်း ၄၀ ကျော်အထိ ရှိနေပြီဖြစ် ပါတယ်။
ဒီနေ့ ဇွန်လ ၁၈ ရက် မနက်ကဆိုရင်လည်း မြို့မစျေး၊ အေးစေတီအနီးတဝိုက် မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေ၊ နှစ်ဘီးဆိုင်ကယ်မောင်းသူတွေနဲ့ လမ်းသွားလမ်းလာပေါင်း ၃၀ ဝန်းကျင်လောက်ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီထဲက အချို့ကို ကြိုးတုတ်ကာ ၅၅၀ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။
“ရပ်နေကျအတိုင်း ဘေးတွဲတွေရပ်ထားတာပေ့ါ၊သူတို့လာတော့ အကုန်လုံး ဘေးဖယ်၊ဘေးဖယ်ဆိုပြီး အော်တယ်၊ပြီးတော့ သူတို့က သေနတ်တွေ မောင်း တင်ပြီးတော့ ဘေးတွဲဆိုင်ကယ်မောင်းတဲ့သူတွေရော အဲဒီနားကလူတွေ ရော အကုန်လုံးကိုဖမ်းပြီး အေးစေတီနားကိုခေါ်သွားတာ”လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက BNA ကို ပြော ပါတယ်။
အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၅၅၀ တပ်ရင်းဘက် ကနေ ပုဏ္ဏားကျွန်းမြို့အထက်တန်း ကျောင်းရှေ့ကို ဖြတ်ပြီး မနက် ၈ နာရီ လောက်မှာ စျေးကိုရောက်လာကြတာလို့ အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။
“လက်နက်အပြည့်အစုံနဲ့ ဝင်လာကြတာ၊ စက်သေနတ်ရောပါတယ်၊ ကျည် တွေရော လွယ်ထားတာ အများကြီးပဲ။ ပြီးတော့ လက်ကိုင်ငှက်ပျောဖူး (လက်နက်)တွေရော ပါတယ်။ ဟိုလိုမျိုး ပက်ခုံးတင်ပစ်ရတဲ့ ဟာတော့ မဟုတ်ဘူး”လို့ မျက်မြင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလို ဖမ်းဆီးထားတဲ့သူတွေကို အေးစေတီအရှေ့မှာ လက်နောက်ပစ်ခိုင်းကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ဘေးတွဲနဲ့ နှစ်ဘီး ဆိုင်ကယ်သမားတွေကိုတော့ မှတ်ပုံတင်၊အိမ်ထောင်စုစာရင်းတို့ သွားယူခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ဘေးတွဲသမားတစ်ယောက်ကို ကြိုးတုတ်ပြီး ခေါ်သွားတာ မြင်လိုက်ရတယ်။ ဘယ်နှစ်ယောက်ကို အဲလို ခေါ်သွားတယ်ဆိုတာကတော့ အတိအကျမသိဘူး။ ကျွန်တော်မြင်လိုက်တာက ဘေးတွဲသမားတစ်ယောက်ပါသွားတာ သေ ချာတယ်”လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူက ပြောပါတယ်။
အဲဒီပြင် ဇွန်လ ၁၇ ရက်၊မနေ့မနက်က မြို့ခံ ၃ ဦး၊ ၁၆ ရက်နေ့ညက ၁၂ ဦးဝန်း ကျင်(တစ်ချို့က ၁၄ ဦးဟု ပြော)ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာ ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ကြားသိရကြောင်း မြို့ခံတွေက ပြောကြပါတယ်။
ဒါပေမယ့် အဲဒီအထဲက ဘယ်နှစ်ယောက် ပြန်လွှတ်လာတယ်၊ဘယ်နှစ်ယောက် ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်ဆိုတာ ကိုတော့ အတိအကျမသိရသေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
BNA အနေနဲ့လည်း အဲဒီအချက်အလက်တွေအပေါ် သီးသန့်အတည်မပြုနိုင် သေးပါဘူး။
ဇွန်လ ၁၆ ရက်ညတုန်းကဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက် တွေအတွင်း သွားလာနေပြီး ည နေ ၉ နာရီလောက်ကနေ သန်းခေါင်ကျော်ချိန် အထိ သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်နေခဲ့ကာ စုစုပေါင်းအချက် ၁၀၀ နီးပါး ရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တခေါက်မှာ အချက်ပေါင်း တစ်ဆယ်ကျော်၊ နှစ်ဆယ်လောက် ဆက်တိုက် ဖောက်တာ၊ မြို့အနှံ့ပဲ။ ထင်ရတာက လျှောက်သွားပြီးတော့ ပြည်သူတွေကို ခြောက်နေတာပေ့ါ။ အပြန်အလှန်ပစ်တဲ့ ပုံစံမျိုးမဟုတ်ဘူး။တမင်ကို ခြောက် လှန့်ပြီးပစ်တာ”လို့ အဲဒီမြို့ခံက ဆိုပါတယ်။
AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ကာလတွေတုန်းကလည်း စစ်ကောင်စီ တပ်သားတွေဟာ ခုလိုမျိုး မြိုပေါ်တွေမှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်တစ်ဦးကို AA က ဖမ်း ဆီးခဲ့တုန်းကလည်း မြို့တွင်းနေရာတော်တော် များများမှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည်အစုံနဲ့ စုဝေး၊သွားလာ နေတာ ရှိခဲ့ပါတယ်။
အဲဒီပြင် ဇွန်လ ၁၇ ရက်၊မနေ့ကလည်း မြောက်ဦးမြို့နယ်တိမ်ညိုရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို AA က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောထားကြပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဝင်တွေကို စစ်ကော င်စီက ဖမ်းဆီးမှုတွေ များစွာရှိနေတဲ့အတွက် ခုလိုမျိုး ပြန်လည်ဖမ်းဆီးရတာ ဖြစ်ပြီး ULA/AA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ် မိုးရာသီကုန်လောက်ကတည်းက ရခိုင် ပြည်တောင်ပိုင်းရော၊မြောက်ပိုင်းမှာပါ ရပ်ကွက်၊ကျေးရွာတွေကို ဝင်ရောက်စစ် ဆေးတာ၊ ULA/AA တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အစပ်မလုပ်ဖို့ ဟန့်တားတာ၊ ULA/AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေခဲ့ ပါတယ်။
အဲဒီလို လုပ်ရပ်တွေကြောင့် သည်းမခံနိုင်တဲ့အနေအထားရောက်လာရင် တိုက်ပွဲ တွေ ပြန်ဖြစ်လာနိုင်တယ်လို့ ULA/AA ပြန်ကြား ရေးတာဝန်ခံခိုင်သုခက လစဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောထားတာရှိပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရက္ခိုင့်တပ် တော် (AA)ဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲခေါ်တဲ့ပုံစံမျိုးတွေလုပ်နေပြီး အဲဒါနဲ့ပတ်သက်လို့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုဖို့ ခြိမ်းခြောက်သည့်အသွင်မျိုးနဲ့ မေလကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်မှာ နှစ်နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ရဲ့ တိုက်ပွဲ တွေဟာ ၂၀၂၀ နှစ်လယ်လောက်ကတည်းက မရှိသ လောက် ငြိမ်သက်နေခဲ့တာာဖြစ်ပါတယ်
https://www.facebook.com/permalink.php?story_fbid=175145738261074&id=107469705028678