ပလက်ဝမှ ဦးမဲကျော့အား AA ကို သတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်းဟုဆို

By Narinjara / 2022 June 07

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဒေသခံရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ဦးမဲကျော့အား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာ ရက္ခိုင့်တပ်တော် (AA)ကိုသတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကပြောသည်။

ဦးမောင်မဲကျော့နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ သူ့ကို ဖမ်းဆီးတာကို ခလရ ၂၈၉ ဘက်က အကြောင်းကြားတာက ရက္ခိုင့်တပ်တော်နဲ့ ချိတ်ဆက်ပြီး သတင်းပေးမှုကြောင့် ဖမ်းဆီး ရတာဖြစ်တယ်လို့ အကြောင်းကြားတယ်” ဟု ပြောသည်။

သို့သော်လည်း ဦးမဲကျော့သည် ရိုးရိုးသားသား တောင်ယာလုပ်ကိုင်နေသူ တစ်ဦးသာဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

” သူကတောင်ယာလုပ်စားတဲ့သူတစ်ယောက်ပါ။ အဲဒါတွေနဲ့လည်း ဆက်စပ်မှု မရှိဘူး။ နောက်ထပ် တစ်ခုက အဆက်အသွယ်မှလည်း မရဘူး။ ဖမ်းဆီးပြီးတော့ ပိတ်လှောင်ထားတယ်။ မိသားစု တွေနဲ့လည်း လုံးဝတွေ့ဆုံခွင့် မရဘူး” ဟု ပြောသည်။

ဦးမဲကျော့သည် တောင်ယာလုပ်ငန်းအပြင် ပလက်ဝ ပလက်ဝမြို့မရပ်ကွက်တွင် ဈေးဆိုင်ရောင်းသူတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

၎င်းအား ပြီးခဲ့သည့် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် စစ်သားများက ပလက်ဝ အခြေစိုက်တပ်ရင်း ခလရ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးမဲကျော့သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နံနက်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အဘောင်သားကျေးရွာ အနီးတွင်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း ပလက်ဝဒေသခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်  နံနက် ၁ဝနာရီအချိန်ခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့သဖြင့် ဒေသခံရခိုင်များကို ပစ်မှတ်ထားကာ ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

၎င်းတိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်  ဆယ်အိမ်မှူး နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင်ဆယ်အိမ်မှူးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာမူ ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းစစ်ဆေးခံနေရသည်ဟု သိရသည်။

လက်ရှိ အချိန်တွင် အဘောင်သားကျေးရွာသားများကိုလည်း ဖမ်းဆီးခြင်း၊ ဖုန်းများကိုစစ်ဆေးခြင်းနှင့် ရွာအဝင်အထွက်ကို တင်းကျပ်ခြင်း အပြင်  ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5531772933501405

Leave a Reply

Your email address will not be published.