By Western News/ 2022 June 20
ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်သည့် ကိစ္စအား Western Newsသတင်းဌာနသို့ အင်တာဗျူးဖြေကြားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်၏ အယူခံတင်သွင်းသည့်အမှု အပြီးသတ်အမိန့်အား တရားသူကြီး ခရီးလွန်နေသည်ဟုဆိုကာ ရုံးချိန်းကို ရွေ့ဆိုင်းလိုက်ရသည်။
ကိုတင်ထွန်းအောင်၏ အယူခံအမှုအား ဇွန်လ ၁၇ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း ခရိုင်တရားသူကြီး ခရီးလွန်နေသည်ဟုဆိုကာ လာမည့်ဇူလိုင်လ ၁၅ ရက်နေ့ကို ချိန်းဆိုလိုက်သည်ဟု မိသားစုဝင် တစ်ဦးကပြောသည်။
“ဇွန်လ ၁၇ ရက်နေ့က အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် ခရိုင်တရားသူကြီး ခရီးလွန်နေတယ်ဆိုပြီး ဇူလိုင်လ ၁၅ ရက်နေ့ကိုထပ်ပြီး ချိန်းလိုက်တယ်”ဟုပြောသည်။
ကိုတင်ထွန်းအောင်ကို ဧပြီ ၂ ရက်နေ့က ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး လက်ရှိမှာ စစ်တွေအကျဥ်းထောင်မှာ ထိန်းသိမ်းထားကာ ၃ လနီးပါးခန့်အထိ မိသားစုနှင့် ထောင်ဝင်စာ တွေ့ခွင့်မရသေးဟု မိသားစုဝင်များက ပြောသည်။
ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုတင်ထွန်းအောင်ကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူ ထောင်ထားသည်ကို Western News အား အင်တာဗျူဖြေဆိုခဲ့၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့်အမှုဖွင့်ခံရကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည်။
https://www.facebook.com/westernnewsagency/posts/546974273775748