ပလက်ဝတွင် စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုများဖြစ်ပွါး၊ နှစ်ဖက်တိုက်ပွဲဖြစ်ခြင်း မရှိဟု AA ပြော

By Western News/ 2022 June 27

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရုပ်ချောင်းဝ ကျေးရွာအနီးအနားတို့တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုသာဖြစ်ပွါးခဲ့ခြင်းရှိကြောင်း ရက္ခိုင့်တပ်တော် AA ကပြောသည်။

မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်းသည် ယနေ့ မနက်ပိုင်း ၁၁ နာရီခန့်က ရုပ်ချောင်းဝကျေးရွာအနီးအနားတို့တွင် အချင်းချင်းချင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ထိခိုက် ကျဆုံးမှုများရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

“တိုက်ပွဲဖြစ်တာတော့ မရှိဘူးခင်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မြန်မာစစ်တပ်က သူတို့အချင်းချင်း မှားယွင်းပြီးတော့မှ ပစ်ခတ်ကြတာလို့ သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့အချင်းချင်းအကြောက်လွန်ပြီးတော့မှ လူမှားပြီးတော့ ပစ်ကြတာ အကြာကြီးလို့ပြောတယ်။ အဲ့ဒီမှာ ကျဆုံးမှုတွေတောင်မှ ရှိတယ်လို့ သိရတယ်”ဟုပြောသည်။

မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်း ကနဦးတွင် မှားယွင်းပစ်ခတ်မှုဖြစ်ပွါးပြီးနောက် တစ်ဖက်နှင့် တစ်ဖက် လက်နက်ကြီးများဖြင့် နာရီဝတ်လောက်ကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆက်လက်ပြောသည်။

ပလက်ဝမြို့နယ် ရုပ်ချောင်းဝ၊ ရုပ်ဝကျေးရွာနှင့် အဘောင်သားကျေးရွာအနီးအနားတို့တွင် စစ်ကောင်စီတပ်သားအချို့ နေရာချထားမှုရှိပြီး ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်နိုင်ကြောင်း အဘောင်သားကျေးရွာက ထွက်ပြေးလာပြီး လုံခြုံသည့်နေရာတစ်နေရာသို့ ရောက်ရှိလာသည့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Western News ကို ပြောသည်။

“ပထမတော့ သေနတ်ငယ်သံတွေနဲ့ ပစ်ခတ်တယ်ဗျ။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာပါ။တော်တော်အကြာကြီးပစ်တယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီနဲ့ AAတို့ တိုက်ပွဲဖြစ်တယ်လို့ထင်တာ။ မဟုတ်ဘူး။ စစ်ကောင်စီတပ်သားအချင်းချင်းမှားယွင်းပစ်ကြတာ”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အဘောင်သား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့အား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့်က အဘောင်သား ကျေးရွာသား အလုံးနီးပါးကို ဆူးပုတ်တောင်ဟုခေါ်သည့် အထက်ဖက်တောင်ကုန်းသို့ ရိုက်နှက်ပြီး ဖမ်းဆီးသွားပြီးနောက် ရွာသားအချို့ကို လွှတ်ပေးခဲ့ပြီး ရွာသား ထက်ဝက်လောက်ကို စစ်ကောင်စီတပ် ၂၈၉ ဗျူဟာကုန်းတွင် ဖမ်းဆီးထားမှုရှိခဲ့သည်။

ပြန်လည်လွတ်မြောက်လာသည့် ကျေးရွာသားများမှာ စစ်ကောင်စီတပ် ရွာထဲတွင် တပ်စွဲနေထိုင်နေခြင်းကြောင့် ရွာတွင်းတွင် မနေထိုင်ရဲတော့ဘဲ လွတ်မြောက်ရာသို့ တိမ်းရှောင်နေခဲ့ကြရသည်။

https://www.facebook.com/westernnewsagency/posts/551831226623386

Leave a Reply

Your email address will not be published.