ပညာရေးဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေမှုပေါ် လုံခြုံရေးအရ ကျောင်းမတက်သည့် ဆရာ/မ များ ဖိအားပေးခံနေရ

By Western News/ 2022 June 22

ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ မောင်တောမြို့နယ်တွင် ပညာရေးဝန်ထမ်း ၂ ဦးပျောက်ဆုံးနေမှုနှင့် ပတ်သတ်၍ ပညာရေး ဝန်ထမ်းများအတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိ၍ ဇွန်လ (၂၀) ရက်နေ့မှ စကာ ပညာရေးဝန်ထမ်းအချို့ ကျောင်းမတက်ဘဲ သပိတ်ပြုလုပ်နေကြသည်။

ပညာရေးဝန်ထမ်းအချို့ ယင်းကဲ့သို့ ကျောက်မတက်ဘဲ သပိတ်ပြုလုပ်နေသည့်အပေါ် ပညာရေးဌာနက ကျောင်းမတက် မနေရဟုဆိုကာ ဖိအားပေး ကျောင်းတက်ခိုင်းနေမှုများ ရှိနေသည့်အတွက် ဆရာ ဆရာမများမှာ စိုးရိမ်ကြောက်ရွံ့မှုများနှင့် ကျောင်းသွားနေရသည်ဟု ပညာရေးအသိုင်းအဝန်းမှ ပြောသည်။

ဆရာ၊ ဆရာမများ ကျောင်းမတက်မနေရဟုဆိုကာ မြို့နယ်ပညာရေးရုံးမှ ကျောင်းအုပ်ကြီးများအားညွှန်ကြားထားပြီး စိုးရိမ်စိတ်နှင့် ကျောင်းသွားနေကြရကြောင်း မောင်တောမြို့မှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးမှ ပြောသည်။

 “မြို့ပေါ်ကဆရာတွေက ကျောင်းတက်ဖို့ အဆင်ပြေပေမယ့် နယ်ကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ လမ်းခရီး တစ်လျှောက် လုံခြုံရေး အခြေအနေတွေကို စိုးရိမ်ကြတဲ့တယ်။ ကျောင်းမတက်ကြဘူး။ အခုလိုကျောင်း မတက်ကြတဲ့ဆရာ၊ဆရာမတွေကို ပညာရေးဌာနက မတက်မနေရဆိုပြီး ဖိအားပေးလာတာတွေရှိတယ်။ အခုလို ဖိအားပေးလာတဲ့အတွက် တာဝန်က ရပ်ဆိုင်းခံရမှာကိုစိုးရိမ်တာကြောင့် မလုံခြုံပေမယ့် အပြစ်ပေး အရေးယူခံရမှာကြောက်လို့ ဆရာ၊ ဆရာမတွေ ကျောင်းသွားတက်နေရတယ်” ဟုပြောသည်။

ပညာရေးဌာန အနေနနှင့် ဆရာ၊ ဆရာမများအား ဖိအားပေးပြီး ကျောင်းတက်ခိုင်းစေမှုထက် ကျောင်းတက်နိုင်အောင်အတွက် ကျေးရွာအတွင်း လုံခြုံမှုပေးနိုင်ဖို့ နှင့် ကျောင်းတက် ကျောင်းဆင်းချိန်များမှာ လမ်းတစ်လျှောက် လုံခြုံရေးတာဝန်ယူပေးဖို့ ပညာရေးဝန်ထမ်းများမှ လိုလားနေကြသည်။

လက်ရှိအချိန်ထိ စာသင်ကျောင်းများတွင် ပညာရေးဌာနအပါအဝင် မည်သည့်ဌာနဆိုင်ရာဘက်မှ လုံခြုံရေးအရ ဆောင်ရွက်ပေးထားတာ မရှိသေးကြောင်း မောင်တောမြို့နယ်မှ ဆရာတစ်ဦးမှ ပြောသည်။

 “အခုချိန်မှာ ပညာရေးဖက်ကလည်း တာဝန်ယူပေးတာတွေမရှိသလို ဌာနဆိုင်ရာတွေဘက်ကလည်း လုံခြုံရေးဆောင်ရွက်ပေးတာတွေမရှိဘဲ ကျောင်းတက်ဖို့ပဲ လာပြောနေတယ်။ ဒါကြောင့် ကျောင်းတက်တဲ့သူတွေရှိသလို တစ်ချို့ကလည်းကျောင်းမတက်တာတွေရှိနေတယ်။ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ ကျောင်းတက်၊ မတက် ရဲတပ်ဖွဲ့ဝင်တွေက လာရောက် စစ်ဆေးတာတွေလည်း ရှိနေတယ်”ဟုပြောသည်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် ကျောင်းမတက်သည့်ဆရာ၊ ဆရာမများအား ဘေးကင်းလုံခြုံမှုအပြည့်နှင့် တာဝန်ထမ်းဆောင်နိုင်အောင် သက်ဆိုင်ရာအစိုးရအနေနှင့် လုံခြုံရေးတာဝန်ယူပေးရန်လိုသည်ဟု ရသေ့တောင်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာကြီး တစ်ဦးမှ Western News ကိုပြောသည်။

 ပညာရေးဌာန အနေနှင့် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက် ပေးနေပြီး ဆရာ၊ဆရာမများအနေနှင့် အခက်အခဲများရှိလာရင် ပညာရေးမှူးရုံးကို ရုံးစာနဲ့တကွ တင်ပြကြဖို့ ပြောဆိုထားသည်ဟု မောင်တောမြို့နယ်ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ Western News ကိုပြောသည်။

“ပညာရေးဝန်ထမ်းတွေက ကျောင်းဖွင့်ရင်ကျောင်းတက်ရမှာပေ့ါ။ ဒါပေမယ့် နယ်မြေဒေသ မလုံခြုံတဲ့ သွားလာရခက်ခဲတဲ့ ဒေသတွေ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေဆိုရင် သက်ဆိုင်ရာနယ်ခြားစောင့်တွေနဲ့ ရဲတပ်ဖွဲ့တွေကို ကျွန်တော်တို့ အကြောင်းကြားထားပါတယ်။ လက်ရှိမှာလည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနယ်ခြားစောင့်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နီးစပ်ရာစာသင်ကျောင်းတွေမှာ အတတ်နိုင်ဆုံးလုံခြုံရေးတွေဆောင်ရွက်ပေးထားပါတယ်။ အခက်အခဲရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ကျွန်တော်ဆီကို စာနဲ့တကွ အကြောင်းကြားတိုင်ကြားဖို့လိုပါတယ်။ ပညာရေးဌာန အနေနဲ့လည်း အတတ်နိုင်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးသွားဖို့ရှိတယ်”ဟုပြောသည်။

လက်ရှိမှာ ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်း (၂) ဦးအား အသက်ရှင်ပြီး ကျန်းကျန်းမာမာ နှင့် ပြန်လည်လွတ်မြောက်လာဖို့ကိုလည်း ညှိနှိုင်းစေ့စပ်ပြီး ကြိုးစားဆောင်ရွက်နေသည်ဟုလည်း မြို့နယ်ပညာရေးမှူးကဆက်ပြောသည်။

ပျောက်ဆုံးနေသည့် ပညာ‌ရေးဝန်ထမ်း (၂) ဦး အမြန်ဆုံးပြန်လည် လွတ်မြောက်လာဖို့အတွက် သက်ဆိုင်ရာ စစ်ကောင်စီ အစိုးရအနေနှင့် ဆောင်ရွက်ပေးရန် ရခိုင်ပါတီတစ်ချို့က ကြေငြာချက်ထုတ်ပြန် တောင်းဆိုမှုများလည်းရှိသည်။

ဒါ့အပြင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် မွတ်ဆလင် ကျောင်းသားများကော်မတီမှလည်း ယခုလိုပြန်ပေးဆွဲ ခံရမှုနဲ့ပတ်သက်ပြီး ရှုံ့ချကြောင်း ဇွန်လ (၂၁) ရက်နေ့က ကြေငြာချက် ထုတ်ပြန်ထားသည်။

သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ‌ဒေါ်ဥမ္မာကျော်တို့ (၂) ဦးမှာ မောင်တောမြို့သို့အသွားလမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် ပျောက်ဆုံးနေသည်မှာ (၇) ရက်တိုင်တိုင်ရှိနေပြီ ဖြစ်သည်။

ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ယခုပညာသင်နှစ်တွင် စာသင်ကျောင်း (၁၂၂) ကျောင်းကို ပိတ်ထားခဲ့ရပြီး အဆိုပါကျောင်းများထဲတွင် မောင်တောမြို့နယ်မှ စာသင်ကျောင်း (၆၁) ကျောင်းပါဝင်သည်ဟု ပြည်နယ်ပညာရေးမှုးရုံးမှသိရသည်။

လက်ရှိမှာလည်း နယ်မြေ လုံခြုံရေးအခြေအနေကြောင့် မောင်တော မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ စာသင်တစ်ချို့ကို ပြန်လည်ပိတ်ပေးဖို့ ဆရာ၊ ဆရာမများက လိုလားနေကြသည်။

https://www.facebook.com/westernnewsagency/posts/548396346966874

Leave a Reply

Your email address will not be published.