ပညာရေးဝန်ထမ်း ၂ ဦးပြန်ပေးဆွဲခံရမှု ရခိုင်နှင့် မွတ်ဆလင်ကျောင်သားများ ရှုံ့ချကြောင်း ထုတ်ပြန်

By Western News/ 2022 June 22

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာမတစ်ဦးကို ပြန်ပေးဆွဲခံရမှုက ရခိုင်ပြည်အတွင်း မတူကွဲပြားသည့် လူမျိုးများအကြားမှာ သဟဇာတဖြစ်စေရေးနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အနှောင့်အယှက်ဖြစ်စေပြီး သံသယများယူဆောင်လာသည့် ကိစ္စမျိုးဖြစ်စေသည့်ကြောင်း ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်ကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် မွတ်ဆလင်ကျောင်သား၊ ကျောင်းသူ ကော်မတီက ဇွန်လ ၂၁ ရက်နေ့ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်၏ တည်ငြိမ်နေသောကာလတွင် ယခုလို ကိစ္စတစ်ခုကြောင့် လက်ရှိသွားနေသည့် လမ်းကြောင်းကို အနှောင့်အယှက်များဖြစ်စေပြီး လူမျိုးရေး၊ဘာသာရေး ပဋိပက္ခလှုံဆော်မှုများကို သတိထားကြစေရန်အတွက် ကြေငြာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မတီဝင် ကိုကျော်နိုင်ဌေးက Western News ကိုပြောသည်။

“လက်ရှိ ရခိုင်ပြည်မှာ ကျွန်တော်ကျောင်းသားတွေနဲ့ လူငယ်တွေက သဟဇာတကျရေးနဲ့ လူမှုရေး အမျိုးသားညီညွတ်ရေးတွေကို ဦးဆောင်ပြီးလုပ်နေကြတဲ့အတွက် ကျွန်တော်မှာလည်း တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ရခိုင်ပြည်မှာ အခုလိုမျိုး တည်ငြိမ်ပြီး စည်းစည်းလုံးလုံးနဲ့ နေထိုင်နေကြတဲ့ ကာလမှာ ဒီလိုမျိုးကိစ္စတစ်ခုကြောင့် ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းကို အနှောင့် အယှက်ဖြစ်မှာကို စိုးရိမ်းတယ်။ မသမာသူတွေရဲ့ ဆူပူမှုကို နိုးဆော်မှုတွေ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေ အသွင်ဆောင်လာတဲ့ ဘေးကနိုးဆော်မှုတွေကို ကျွန်တော်တို့က အတက်နိုင်ဆုံး သတိထားနဲ့လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ မည်သည့် လူမှုရေး၊ ဘာသာရေး ပဋိပက္ခမှ မဖြစ်ပေါ်စေချင်ပြီး မောင်တောဖြစ်စဥ်အား အထင်မြင်လွဲမှာလွဲမှားမှု မဖြစ်လာစေရန် ကြိုတင်ကာကွယ်ပြီးထုတ်ပြန်ရခြင်းဖြစ်သည်ဟု မွတ်ဆလင်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇော်မင်းထွန်းက Western News ကိုပြောသည်။

“ကျွန်တော်တို့က ရခိုင်ပြည်မှာ ဘာပြဿနာမှမဖြစ်ဘဲနေချင်တယ်။ လူမျိုးရေပြဿနာပဲဖြစ်ဖြစ် ဘာသာရေးအထိကရုန်းပဲဖြစ်ဖြစ် ဘာအကြမ်းဖက်မှု ဘာပြဿနာမှမလိုလားပါဘူး။ အခုမောင်တောမှာ ဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး လူတွေက အမြင်စောင်းလာတာတွေရှိတယ်။ အဲဒါကြောင့် လူမျိုးရေးပြဿနာတွေ မဖြစ်လာစေအောင်အတွက် ကာကွယ်တဲ့ အနေနဲ့ ကျွန်တော်တို့ထုတ်ပြန်တာဖြစ်တယ်”ဟုပြောသည်။

ပြန်ပေးဆွဲခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး ရာဇဝတ်မှုနှင့် ကျူးလွန်သူများသည် မည်သည့်လူမျိုးနှင့် ဘာသာကိုမှကိုယ်စားမပြုဘဲ လူတစ်စု၏ မသမာသောနည်းလမ်းဖြင့် ငွေညှစ်လိုသည့်အပြင် ရခိုင်ပြည်အား ဆူပူစေလိုသည့် အဖျက်အမှောက်အုပ်စုတစ်စုဖြစ်သည်ဟု ထုတ်ပြန်က ရေးသည်။

ယင်းအပြင် လူတစ်စုကြောင့်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကြောင်းဖြစ်စေ ရခိုင်ပြည်သူများလိုလားသည့် ရခိုင်ပြည်အတွင်း မတူညီသည့် လူမျိုးများအကြား သဟဇာတဖြစ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ထားသည်ကို မပျက်စီးမထိခိုက်စေရန် ရခိုင်ပြည်သူများအနေဖြင့် ယခုလိုကိစ္စရပ်များကို သတိရှိစွာဖြင့် ဝိုင်းဝန်ဖြေရှင်းပြီး စည်းလုံးမှုရှိကြောင်းကိုလည်း ပြသရန်လိုအပ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကျေးရွာက ကျောင်းအုပ်ဆရာကြီး ဘိုဝင်းနှင့် လက်ထောက်ဆရာမ ဥမ္မာကျော်တို့အား ဇွန်လ ၁၆ ရက်နေ့ အမည်မသိ လက်နက်ကိုင်တစ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆရာမ ဥမ္မာကျော်၏ ဖုန်းကတစ်ဆင့် မောင်တောမြို့နယ် ပညာရေးမှူးအားဘင်္ဂလားဒေ့ရှ်နိုင်ငံငွေ သိန်း ၅၀  မြန်မာ ကျပ်ငွေ ကျပ်သိန်း ၁၀၀၀ ပြန်ပြန်ရွေးရန် ဆက်သွယ်ထားကြောင်း မြို့နယ် ပညာရေးမှူးမှ သိရသည်။

https://www.facebook.com/westernnewsagency/posts/548294990310343

Leave a Reply

Your email address will not be published.