By Development Media Group (DMG)/ 2022 June 20
မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးတို့ကိစ္စကို ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ကြားရုံသာကြားရသေးပြီး တိကျသေချာစွာမသိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က DMG ကို ယနေ့ ပြောလိုက်သည်။
ဇွန်လ ၁၆ ရက်နေ့ကပင် ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ကို ပြန်ပေးသမားလက်ထဲတွင် ရှိနေသည့်ကိစ္စများနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီအနေဖြင့် မည်သို့ ဆောင်ရွက်နေကြောင်း သိလိုသဖြင့် ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ပြောဆိုခြင်းဖြစ်သည်။
“အဖမ်းခံရတယ်ဆိုပြီးတော့ ကြားတာလောက်ပဲ။ ဘယ်အဖွဲ့အစည်းကဖမ်းတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ငါမသိဘူး။ တကယ်ဖမ်းတယ်ဆိုလို့ရှိရင် သူတို့ အတည်ပြုနိုင်တာက မောင်တောက ရဲက အတည်ပြုနိုင် မှာပေါ့နော်။ ကျောင်းဆရာ၊ ဆရာမတွေ ဖြစ်တယ်ဆိုလို့ရှိရင်လည်း တကယ့်အတည်ပြုနိုင်မှာကပညာရေးက အတည်ပြုနိုင်မှာပေါ့။ ငါ့ကိုတော့ ဘယ်လိုဖြစ်တယ်၊ ဘယ်လိုဖြစ်လို့၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာတော့ အဲလို သတင်းပေးထားတာတော့ မရှိဘူး” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ပြောသည်။
“ဒါထုတ်ပြန်ပေးပါလို့လည်း မရှိဘူး။ ငါလည်းကြားရုံလောက်ပဲ ကြားတယ်။ ဆရာနဲ့ဆရာမဖမ်းသွားတယ်ဆို ဘယ်ကဖမ်းသွားမှန်းတောင်မသိဘူး။ ဘဂ်လားဒေ့ရှ်တာကာငွေ သိန်း ၅၀ နဲ့ ပြန်ရွေးဖို့ပြောတာ ကိုတော့ အဲဒါ ငါတော့မသိဘူး။ မြို့နယ်ပညာရေးမှူး ဆီ အဲလိုပြောတယ်ဆိုလို့ ရှိရင် မြို့နယ် ပညာရေးမှူး ဆီမေးကြည့်ပါလား။ သူပဲသိမှာပေါ့။ ငါတို့ကတော့မသိသေးဘူး။ ငါတို့ဆီက တိုက်ရိုက်သက်ဆိုင်တာတော့ သူ့ပညာရေးကိုင်တဲ့ဝန်ကြီးရှိတာပေါ့နော်။ ပညာရေးကိုင်တဲ့ ဝန်ကြီးကဘာလုပ်လဲတော့ ငါ့ကိုလည်း ဘာမှမပြောတော့ ငါလည်းဘာမှမ သိဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးက ကျောင်းကိစ္စဖြင့် ဆင့်ခေါ်သဖြင့် သင်္ဘောလှကျေးရွာမှ တစ်ဆင့် မောင်တောမြို့သို့ သွားရောက်ရာတွင် ကျောက်ချောင်းကျေးရွာအနီးတွင် လူတစ်စုက ပြန်ပေးဆွဲ သွား သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးကို ဆက်လက်ရှာဖွေရာတွင် တောတွင်းတစ်နေရာမှာ ဆရာမ၏ အသုံးအဆောင် ပစ္စည်းများကိုသာ တွေ့ရှိ ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဇွန်လ ၁၇ ရက်နေ့တွင်မူ ပျောက်ဆုံးနေသည့် အဆိုပါ ဝန်ထမ်းများကို လိုချင်လျှင် တာကာငွေ သိန်း ၅၀ ဖြင့် ပြန် ရွေးရန် ပြန်ပေးဆွဲသူများက ဖုန်းလှမ်းဆက်ထားကြောင်း ရှာဖွေမှုပြုလုပ်နေသူ နံသာတောင်ဆရာတော် ဦးစရဏ က DMG ကို မိန့်ကြားသည်။
လက်ရှိအချိန်ထိ ၎င်းတို့ကို ပြန်ပေးဆွဲထားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်းမသိရှိရသော်လည်း မွတ်ဆလင်ဟုယူဆရသည့် လူအုပ်စု တစ်စုက ပြန်ပေးဆွဲထားကြောင်း ဒေသခံများထံက သိရသည်။ ဇွန်လ ၁၉ ရက်နေ့က ၎င်းတို့ကို ရှာဖွေရာတွင် မွတ်ဆလင်လူအုပ်စုတစ်စုက သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ရှာဖွေ သည့် ဒေသခံတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားကြောင်း နံသာတောင်ဆရာတောင်ထံက သိရသည်။
လက်ရှိတွင် အဆိုပါ ပညာရေးဝန်ထမ်းများကို ရှာမတွေ့သောကြောင့် ရှာဖွေမှုများကို ရပ်ဆိုင်းထားကြောင်းနှင့် ယနေ့တွင် ကျောင်းအုပ်ဆရာကြီးမှ ဖုန်းဆက်သွယ်ပြီး နေကောင်းကျန်းမာကြောင်း ပြောဆိုကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။
“ကျောင်းအုပ်ဆရာကြီး ဖုန်းဆက်ပြီးကျန်းကျန်းမာမာရှိတယ်လို့တော့ပြောတယ်။အဲလို တစ်ခု အဆက်အသွယ်ရ လိုက်တယ်။ ဆရာတော်နဲ့ အဆက်အသွယ်ရတာပါ။ ဖုန်းဘေလ်၅ထောင်တောင်းလာလို့ဖုန်းဘေလ် ၅ ထောင် လည်းထည့်ပေးလိုက်ပါတယ်။ ရှာတာ ကိုတော့ ရှာမတွေလို့ရပ်လိုက်ပြီ” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေ ကြားခြင်းမရှိပါ။ ထို့ပြင် ပျောက်ဆုံးနေသူ ၏ မိသားစု ဝင်များကို ဆက်သွယ်ရာတွင်လည်း စိတ်မကောင်းဖြစ်နေ သဖြင့် ဖုန်းဖြေကြားချင်စိတ်မရှိဟု ဆိုကြသည်။
https://www.facebook.com/dmgnewsagency/posts/2322117501273981