By Narinjara / 2022 June 18
နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လို၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ဦးဆောင်သော ကုန်သည်များအဖွဲ့သည် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)ဦးဆောင်သောကုန်သည်များအဖွဲ့နှင့် စစ်တွေမြို့တွင် ၂ ရက်ကြာ လာရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ဇွန်လ ၁၇ ရက်နှင့် ယနေ့ ဇွန်လ ၁၈ ရက်တို့တွင် စစ်တွေဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို RSCCI အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး ဦးဆောင်ပြီး ရခိုင်ပြည်နယ်ရှိလုပ်ငန်းရှင် ၂၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ် HE – Manjural Karim Khan Chowdhury နှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် Moharmad Barikul lslam တို့ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလုပ်ငန်းရှင် ၉ ဦးတို့ တက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သိရသည်။
RSCCI အသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးက “အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံကတင်ပြတာကတော့ လက်ရှိလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထက် ပိုပြီးအဆင်ပြေမယ့် လမ်းကြောင်းတစ်ခုကိုပေါ့။ သူတို့က ကုန်သွယ်မှုပမာဏကိုတိုးမြှင့်ချင်လို့ အဓိကထားပြီး တွေ့ဆုံဆွေးနွေးကြတယ်။ ကျွန်တော်တို့ဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေကို ဒီဘက်ကုန်သည်တွေက ဆွေးနွေးကြတယ်” ဟု နိရဥ္စရာကိုပြောသည်။
ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ကုန်သည်များ၏ ရခိုင်တွင် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သည်ဟုလည်း ဦးတင်အောင်ဦးက ဆက်ပြောသည်။
“အခုက ကုန်သည်အချင်းချင်း ထိတွေ့မှုမရှိတော့ သူတို့ဖက်က ဘာပစ္စည်းလိုအပ်တယ်။ ဘာလုပ်ဖို့ဆိုတာကို ဘာတစ်ခုမှ အချက်အလက်မရဘူး။ ဒါကြောင့် ဒီဘက်က RSCCI ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီဘက်ရခိုင်မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်လို့ရတဲ့ စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်လာအောင် ကနဦးအစပျိုးပြီးလုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ပြောသည်။
ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည်များကို သက်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် အချိန်ယူပြီး ထပ်မံဆွေးနွေးရဦးမည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့်အကျိုးအမြတ်များသည်လည်း လုပ်ငန်းအကောင်အထည်ပေါ်လာမှသာ ရရှိလာမည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို စစ်တွေနှင့်မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်နေသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5564106070268091