ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်ကွာဟနေမှုများ မကြာခဏ ဖြစ်ပွားနေဟုဆို

By Development Media Group (DMG)/ 2022 June 28

ရခိုင်ပြည်၊ စစ်တွေမြို့ ရပ်ကွက်တစ်ချို့က နေအိမ်အချို့၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်ရုံး) မှ ကောက်ခံလာသည့် ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်များ မှားယွင်းနေမှုများရှိနေပြီး ငွေကြေးပိုတိုးကောက်ခံမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နေအိမ် မီတာဘုတ်တွင် ဖော်ပြနေသည့်မီတာယူနစ်နှင့် ကောက်ခံလာသော မီတာဖြတ်ပိုင်းတွင်ပါရှိသည့် မီတာယူနစ်မှာ ထောင်ပေါင်းများစွာကွာဟမှုများရှိနေပြီး ယခုကဲ့သို့ကွာခြားမှုများရှိနေသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း စစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

“အိမ်ကမီတာဘုတ်မှာ သုံးစွဲယူနစ်က ၁၆၀၀ကျော်ပဲရှိသေးတာ။ သူတို့ပေးလာတဲ့ ဖြတ်ပိုင်းမှာက ယူနစ် ရ၀၀၀ ကျော်နေပြီ။ ကျမလည်း မီတာရုံးကိုသွားပြီး ရှင်းပြခိုင်းတော့ အမှားကိုတော့ဝန်မခံဘူး။ အဲဒီပိုတွက်ထားတဲ့ ယူနစ်အတိုင်း ပေးဆောင်လိုက်ရတယ်။ ပြီးတော့ ညှိနှိုင်းပေးမယ်ဆိုပြီး အိမ်ကမီတာဘုတ်ထဲက ယူနစ်ပြဂဏန်းမှာ ပိုတွက်ထားတဲ့ မီတာယူနစ်စာရွက်ထဲက ယူနစ်ရောက်တဲ့အထိ မီတာခမပေးဆောင်ရဘူးလို့ပြောတယ်။ ကျမတို့အိမ်ကတော့ သတိထားပြီး သွားပြောလို့ အဆင်ပြေလိုက်ပေမယ့် တခြားမသိဘဲမီတာခတွေပိုပေးဆောင်နေရတာ ဘယ်နှအိမ်တောင်ရှိနေမယ်မသိဘူး” ဟု ရွာကြီးမြောက်ရပ်ကွက်နေ မနွယ်နွယ်က DMG သို့ပြောသည်။

အလားတူ မီတာယူနစ်ကွာဟနေမှုများကြောင့် မီတာခပိုမိုပေးဆောင်နေရပြီး စီးပွားရေးကြပ်တည်းကနေချိန်များတွင် ယခုကဲ့သို့ မီတာခပိုမိုပေးဆောင်နေရသည်မှာ ငွေကြေးအခက်အခဲများဖြစ်စေကြောင်း ဓညဝတီရပ်ကွက်နေ ဦးလှမြင့်က DMG သို့ပြောသည်။

“အိမ်မှာက လျှပ်စစ်မီးကို ထမင်းဟင်းချက်ဖို့၊ ရေတင်ဖို့နဲ့  မီးထွန်းဖို့လောက်ပဲသုံးတာ။ အဝတ်လျှော်စက်တို့ ၊ ရေခဲသေတ္တာတို့လည်းအိမ်မှာမရှိဘူး။ အရင်ကတော့ ပုံမှန်၈၀၀၀၊ ၉၀၀၀ လောက် မီတာခဆောင်ရတယ်။ မီတာခတွေက တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ဆောင်နေရတာက ငါးလလောက်တော့ရှိပြီ။ အသိတစ်ယောက်ကအကြံပေးလို့ မီတာ ယူနစ်တွေ စစ်ကြည့်တဲ့အခါ အများကြီးကွာဟနေတာတွေ့တယ်။ မီတာရုံးကိုသွားပြောလိုက်တော့ ဖြတ်ပိုင်းက ယူနစ်နဲ့ မီတာဘုတ်က ယူနစ်နဲ့တူတဲ့အချိန်ထိ မီတာခမကောက်ခံဘဲ နေပေးမယ်လို့တော့ ပြောပါတယ် ”  ဟု၎င်းက ဆိုသည်။  

မီတာယူနစ်များ မှားယွင်းနေခြင်း၊ မီတာခ အဆမတန် အပိုထမ်းဆောင်နေရခြင်းမှာ စစ်တွေမြို့တစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်အတွင်းက မြို့နယ်အားလုံးတွင် ဖြစ်ပျက်လျက်ရှိကြောင်း DMG မှ စုံစမ်းသိရှိရသည်။

မြောက်ဦးမြို့ရှိ မီတာခကောက်ခံသည့်ရုံးက ဝန်ထမ်းတစ်ဦးကဆို “ ကျမတို့ မီတာကောက်ခံပြီဆို မီတာခ လာပေးကြတဲ့သူတွေက ကျမတို့ကို အပြစ်တင်ကြတယ်။ ဘာဖြစ်လို့ မီတာခ အဲလောက်အများကြီး ပေးရတာလဲပေါ့၊ မီတာ လာမှတ်တဲ့သူတွေက မီတာကို မကြည့်တော့ဘဲ ခန့်မှန်းပြီး မှတ်သွားတာမျိုးလုပ်တယ်ပေါ့၊ တကယ်သုံးတာထက် မီတာခ ပိုပေးနေရတယ်ပေါ့။ ကျမကလည်း ပြန်ပြောလိုက်တယ်။ ကျမတို့အိမ်မှာလည်း လူကြီးမင်းတို့လိုပဲ မီတာခ ပိုပေးနေရတယ်။ စစ်တွေက အိမ်မှာဆို ၂ သိန်းလောက်တောင် ပေးရတယ်လို့ ပြန်ပြောလိုက်တယ်။ ကျမတို့လည်း မီတာခတွေ ဘာမှန်းမသိဘူး။ အပိုပဲပေးနေရတယ်။ ” ဟု ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မီတာခကောက်ခံနေမှုအား စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဓာတ်အားခ ကောက်ခံပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

အဆိုပါမီတာယူနစ်များ ကွာဟနေမှုများကို မည်သို့မှန်ကန်အောင်ဆောင်ရွက်ပေးမည်ကို စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးအား DMG မှ သွားရောက်မေးမြန်းခဲ့ရာ ခွင့်ပြုချက်မရရှိသေးသောကြောင့် မဖြေကြားနိုင်ပါဟုသာ တုန့်ပြန်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတို့အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။

https://www.facebook.com/dmgnewsagency/posts/2328387007313697

Leave a Reply

Your email address will not be published.