ထောင် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်၏အယူခံကို လျှောက်လဲချက်ကြားနာ

By Narinjara / 2022 June 03

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင် ၃ နှစ်ချမှတ်ခံထားရသူ ကိုတင်ထွန်းအောင်၏အယူခံကို ယနေ့ ဇွန်လ ၃ ရက်တွင် ပလက်ဝခရိုင်တရားရုံး၌ နှစ်ဘက်လျှောက်လဲချက်ကြားနာခဲ့ကြောင်း သိရသည်။

ယင်းနောက် လာမည့်ဇွန်လ ၁၇ ရက်တွင် အယူခံအမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ကိုတင်ထွန်းအောင်၏အစ်ကိုဖြစ်သူ ကိုမင်းအောင်က ပြောသည်။

“ကျနော်ကတော့ ပြစ်ဒဏ်လျော့သွားမယ်။ ဒါမှမဟုတ် ကျသင့်သလောက်ပဲ ကျနိုင်မယ်။ အခုကတော့ ကျသင့်တာထက် အတိုင်းအထက်အလွန်ပိုနေတာလေ။ ဒါကြောင့် ကျနော်တို့လည်း အယူခံဝင်ဖြစ်တာ”ဟု ပြောသည်။

ယနေ့ပလက်ဝခရိုင်တရားရုံးတွင် ကိုတင်ထွန်းအောင်၏အယူခံကို နှစ်ဘက်လျှောက်လဲချက်ကြားနာရာတွင် ကိုတင်ထွန်းအောင်၏အမှုလိုက်ရှေ့နေမှာ လမ်းခရီးအခက်အခဲကြောင့် ရောက်မလာနိုင်ခဲ့ကြောင်း ကိုမင်းအောင်က ဆက်ပြောသည်။

ကိုတင်ထွန်းအောင်၏ အယူခံကို မေလ ၁၃ ရက်တွင် မတူပီခရိုင်တရားရုံးက လက်ခံခဲ့သဖြင့် ထောင်ဒဏ်လျှောပေါ့ပေးမည်ကို မိသားစုများက မျှော်လင့်နေကြောင်း ပြောသည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝမြို့နယ်တရားရုံး၏ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကို ပေါင်း၍ခံစားခွင့်ရရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ထောင်အတွင်း ကိုဗစ်စည်းကမ်းများကြောင့် ထောင်ဝင်စာတွေ့ခွင့်မရကြောင်း မိသားစုဝင်များက ပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံခဲ့ရပြီး ထောင်ချခံလိုက်ရခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5521020214576677

Leave a Reply

Your email address will not be published.