ထောင် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်၏အယူခံကို တရားသူကြီးခရီးလွန်နေ၍ဟုဆိုကာ အမိန့်ချမည့်ရက်ရွှေ့ဆိုင်း

By Narinjara / 2022 June 18

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင် ၃ နှစ်ချမှတ်ခံထားရသူ ကိုတင်ထွန်းအောင်၏အယူခံကို အမိန့်ချမည့်ရက်အား ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

ယမန်နေ့ ဇွန်လ ၁၇ ရက်တွင် ပလက်ဝခရိုင်တရားရုံး၌ အယူခံအမိန့်ကိုချမှတ်ရမည်ဖြစ်သော်လည်း ခရိုင်တရားသူကြီး ခရီးလွန်နေ၍ဟုဆိုကာ လာမည့်ဇူလိုင် ၁၅ ရက်တွင် အယူခံအမိန့်ချမှတ်သွားရန် ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်ဟု ကိုတင်ထွန်းအောင်၏အစ်ကို ကိုမင်းအောင်က နိရ ဉ္စရာသို့ ပြောသည်။

“ခရိုင်တရားသူကြီးခရီးလွန်နေလို့ မနေ့ကရုံးချိန်းရွှေ့လိုက်တယ်။ ရုံးကိုသွားတုန်းက ဘယ်လိုပုံစံမျိုးအမိန့်ချမှတ်မလဲဆိုတာကို စိတ်လှုပ်ရှားနေခဲ့ရတယ်။ ပြစ်ဒဏ်လျော့သွားရင်ကောင်းမယ်။ လျော့မယ့်အမှုမျိုးလို့ ထင်မိတယ်။ ပထမကတော့ အပြည့်ချခဲ့တဲ့အတွက် အခုမှန်မှန်ကန်ကန်နဲ့ ကျသင့်သလောက်ပဲကျနိုင်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်”ဟု ပြောသည်။

ကိုတင်ထွန်းအောင်၏ အယူခံကို မေလ ၁၃ ရက်တွင် မတူပီခရိုင်တရားရုံးက လက်ခံခဲ့သဖြင့် ဇွန်လ ၃ ရက်က ပလက်ဝခရိုင်တရားရုံးတွင် ထိုအယူခံအား နှစ်ဘက်လျှောက်လဲချက်ကြားနာခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံခဲ့ရပြီး ထောင်ချခံလိုက်ရခြင်းဖြစ်သည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝမြို့နယ်တရားရုံး၏ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကို ပေါင်း၍ခံစားခွင့်ရရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ထောင်အတွင်း ကိုဗစ်စည်းကမ်းများကြောင့် ထောင်ဝင်စာတွေ့ခွင့်မရကြောင်း မိသားစုဝင်များက ပြောသည်။

https://www.facebook.com/narinjara.info/posts/5563269027018462

Leave a Reply

Your email address will not be published.