တောင်ကုတ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်နေသည့် တံတားတစ်စင်းအတွက် အလှူရှင်များလိုအပ်နေ

By Development Media Group (DMG)/ 2022 June 22

တောင်ကုတ်မြို့နယ်၊ မြို့တောင်အုပ်စုတွင် ငွေကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည့်  တန်းလွဲချောင်းတံတားကို ကိုယ်ထူကိုယ်ထတည်ဆောက်နေသဖြင့် ငွေကြေးအခက်အခဲများပေါ်ပေါက်နေ၍ အလှူရှင်များလိုအပ် နေသည်ဟု သိရသည်။

လက်ရှိတွင် တံတားမပြီးသေး၍ ဝါးတံတားငယ်တစ်ခုကို တည်ဆောက်ထားသည်။ အဆိုပါတံတားကို အားကိုး ပြီး မြို့ တောင်ကြီးရွာ၊ မြို့တောင်ရှည်ရွာနှင့်တန်းလွဲရွာမ စသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများမှာ ကျန်းမာရေး၊ ပညာရေး၊စီးပွားရေးနှင့်လူမှုရေးကိစ္စများအတွက် နေ့စဥ်သွားလာနေရခြင်းဖြစ်သည်။

တံတားအသစ်ကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်နေပြီး အလျားပေ ၃၅၀ နှင့်အနံ ၁၆ ပေ ရှိ ကြောင်းသိရှိသည်။ လက်ရှိတွင် ၄၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ငွေကျပ်သိန်း ၇၀၀ နီးပါးကုန်ကျခဲ့ပြီဟု ဦးဆောင် တည်ဆောက်နေသည့် ရွာမကျောင်း ဆရာတော် ဘဒ္ဒန္တအရှင်ကောဝိဒ က မိန့်ကြားသည်။

“လက်ရှိကတော့ သိန်း ၇၀၀ လောက်ကုန်ကျပြီးပြီ။ တံတားအကုန်လုံးအပြီးအစီးဆိုရင်တော့ သိန်း ၃၀၀၀ လောက်ကုန်ကျမယ်လို့ ခန်းမှန်းထားတယ်။ ဒီတံတား မရှိရင် အဲဒီ မြို့တောင်ကြီးရွာ အပါအဝင် အဲဒီဖက်က လူတွေက သွားလာရေး အခက်အခဲ တော်တော် ဖြစ်ကြတယ်။ အဲဒါကြောင့် ဆရာတော်က မ,တည်ပြီး စတင်လှူဒါန်းဆောက်လုပ်နေတာဖြစ်တယ်။ အလှူရှင်တွေကိုလည်း လာရောက်လှူဒါန်းဖို့ ဖိတ်ခေါ်တယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယခင်က တံတား မရှိသောကြောင့် စက်လှေဖြင့် သွားလာရပြီး မိုးရာသီရောက်လျှင် သွားလာရေးအလွန်ခက်ခဲ သည်။လက်ရှိအသုံးပြုနေသည့် ဝါးတံတားမှာလည်း ခိုင်ခန့်မှုမရှိသောကြောင့် ချောင်းရေကြီးသည့်နေ့မျိုးဆို လျှင် သွားလာရေး အဆင်မပြေဟု ဒေသခံများက ဆိုကြသည်။

အဆိုပါ တံတားတည်ဆောက်ရေးအတွက် ပြီးခဲ့သည့် အစိုးရလက်ထက်တွင်လည်း အကြိမ်ကြိမ်တင်ပြတောင်း ဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု မြို့တောင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသောင်းညွန့်က ပြော သည်။

“တင်ပြတာလည်း ကျနော်အုပ်ချုပ်ရေးမှူးလုပ်တုန်းက တော်တော် တင်ပြခဲ့တယ်။အစိုးရအဖွဲ့တွေက လာတိုင်းတာကြတယ်။ နောက်ပြီး ဘာမှလည်း ထူးခြားမှုမရှိလာဘူး။ အခုဟာက ဆင်အလုပ်ကို ဆိတ်က လုပ်နေရတဲ့ သဘောဆိုတော့ တော်တော် အခက်အခဲရှိနေတယ်။ ကူညီပေးဖို့ လူတွေလည်း လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြား ခြင်းမရှိပါ။

အဆိုပါ တံတားအသစ်ကို ၂၀၂၂ ခုနှစ်၊ မတ်လက စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး တံတားအမြန်ဆုံးပြီးစီးနိုင်ရန် အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းထံ စာရေးသားတင်ပြထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း တံတားဖြစ်မြောက်ရေးအဖွဲ့ထံက သိရသည်။

https://www.facebook.com/dmgnewsagency/posts/2323656137786784

Leave a Reply

Your email address will not be published.