By Western News/ 2022 June 18

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာ(ရက်ခုံးတိုင်)မှ ကျောင်းသူတစ်ဦးသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျသဖြင့် ဇွန်လ ၁၇ ရက်နေ့က ကြွက်သတ်ဆေးအဆိပ်စားကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူမှာ မခင်ယုဝေ အသက် (၁၉)နှစ်ဖြစ်ပြီး မိခင်ဒေါ်အေးအေးနှင့် ဖခင်ဦးကျော်ဝင်းတို့၏ ဒုတိယမြောက် သမီးတစ်ဦးဖြစ်သည်။
၎င်းသည် ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၂ နာခန့်က ကြွက်သတ်ဆေးဗူးမှ ကြွက်သတ်ဆေး ၂ ပြားကို ယူပြီး စားလိုက်ရာမှ အကြိမ်ရေများစွာ အော့အန်လာ၍ မိဘများက ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ယူဆောင်ဆေးကုသခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်ပင် ယနေ့ ဇွန်လ ၁၈ ရက်နေ့ ညအရုဏ် ၄ နာရီခန့်က သေဆုံးသွားခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးဖြစ်သည့် ဒေါ်စောနုသာက ပြောသည်။
“သူ့ကို သူ့မိဘတွေက ဆူတာလည်းမရှိဘူး။ ခုလို ဘာကြောင့် လုပ်လိုက်ရတာလဲဆိုတာ ကျမတို့လည်း နားမလည်ဘူး။ တရွာလုံးလည်း စိတ်မကောင်း ဖြစ်နေကြတယ်။ မိသားစုတွေဆို ဘယ်လောက်တောင် စိတ်ထိခိုက်ရမလဲ တွေးတောင် မတွေးရဲဘူး” ဟု ပြောသည်။
သူမ၏ ရုပ်အလောင်းအား ယနေ့ နေ့လည် ၄ နာရီခန့်က သင်္ဂြိုလ်ပြီးစီးသွားပြီး ဖြစ်သည်။
ထိုသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံး၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းအားဖြင့် မည်သည့်အောင်မြင်မှုမှ ရလာမည်မဟုတ်သည့်အပြင် နောက်ထပ် ရနိုင်သည့် အောင်မြင်မှုများကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သောကြောင့် နောက်နောင် ယခုကဲ့သို့ လုပ်ရပ်မျိုး မည်သူမျှ မလုပ်ကြဖို့ကို မြန်မာစာပြသက်တမ်း ၅၀ ကျော်ရှိပြီဖြစ်သည့် ဆရာကြီး စစ်တွေညိုသန့်က အသိပေး ပြောဆိုသည်။
“စာမေးပွဲဆိုတာ လူ့ဘဝတစ်ခု၏ အဆုံးစွန်သော ပန်းတိုင်တစ်ခုမဟုတ်ပါဘူး။ အဆုံးစွန်သော အောင်မြင်မှုမဟုတ်ပါဘူး။ ၁၀ တန်းစာမေးပွဲကျလို့ ကျောင်းသူတစ်ယောက် အဆုံးစီရင်သွားတာ ကြားရလို့ ကျောင်းဆရာတစ်ယောက်အနေနဲ့ အလွန် စိတ်မကောင်း ဖြစ်ရပါတယ်။ စာမေးပွဲဆိုတာဟာ ဘဝကို မြှင့်တင်ဖို့ လှေကားထစ် တစ်ထစ်သာဖြစ်တယ်။ လှေကားထစ် အားလုံးမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရအောင်ထိ ဆုံးရှုံးမှုမဟုတ်ပါ။ ၁၀ တန်းမအောင်ဘဲ တစ်ခြားလမ်းကဖောက်လို့ ဘဝမှာ အောင်မြင်နေတဲ့သူတွေ အများကြီးပဲ ရှိပါတယ်။ အဲဒါကြောင့် ကျောင်းသားများအနေဖြင့် အောင်နိုင်အောင်ကြိုးစား မအောင်ရင်လည်း စိတ်ဓာတ်မကျကြပါနှင့်” ဟု ဆရာက ပြောသည်။
https://www.facebook.com/westernnewsagency/posts/545717520568090