ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်နားထားခဲ့ရတဲ့ တောင်ကုတ်မြို့နယ်မဂ္ဂဇင်း “ရိုးမလှိုင်း”အမှတ်(၇) ပြန်လည်ထုတ်ဝေ

By  Voice Of Westland (VOW)/ 2022 June 26

ဆယ်စုနှစ်တစ်ခုကျော်အထိ ထုတ်ဝေမှုရပ်နားထားခဲ့ရတဲ့ တောင်ကုတ်မြို့နယ်မဂ္ဂဇင်း “ရိုးမလှိုင်း” အမှတ် (၇) ကို ဒီနှစ်မှာပြန်လည်ထုတ်ဝေခဲ့တယ်လို့ မဂ္ဂဇင်းတာဝန်ခံစာတည်း ကဗျာဆရာ မောင်နှစ်သိမ့်(တောင်ကုတ်)က VOW ကိုပြောပါတယ်။

မဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲနဲ့ စာမူရှင်တွေကို ဂုဏ်ပြုပြီးစာအုပ်ပေးအပ်တဲ့ အခမ်းအနားကို ဒီကနေ့နေ့လယ်ပိုင်းမှာ ကျင်းပဖို့စီစဉ်ထားပေမယ့် နိုင်ငံရေးအခြေအနေမငြိမ်သက်တာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ သူက ပြောပါတယ်။

” ကျွန်တော်တို့က ဒီနေ့မှာ စာအုပ်မိတ်ဆက်ပွဲနဲ့ စာမူရှင်တွေကို စာအုပ်လက်ဆောင်ချီးမြှင့်တဲ့အခမ်း အနားလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လူစုလူဝေးနဲ့ လုပ်ရမှာဆိုတော့အခြေအနေအရ ခွင့်ပြုချက်တင်ရနဲ့ နိုင်ငံရေးအခြေအနေကလည်း သိပ်မကောင်းတော့ ပြသနာအဖြစ်မခံချင်တဲ့အတွက် အခမ်းအနားအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်”လို့ သူကပြောပါတယ်။

“ရိုးမလှိုင်း”မဂ္ဂဇင်း အမှတ်(၁) ၁၉၉၄ ခုနှစ်ကစတင်ကာ

တော်လှန်ကဗျာဆရာရွှေရက အယ်ဒီတာချုပ်အဖြစ်တာဝန်ယူပြီး ထုတ်ဝေခဲ့တာဖြစ်တယ်။

၁၉၉၆ ခုနှစ်မှာ အမှတ်(၂)၊ ၁၉၉၈ ခုနှစ်မှာ အမှတ်(၃)၊ ၂၀၀၅ ခုနှစ်မှာ အမှတ်(၄)၊ ၂၀၀၇ ခုနှစ်မှာ အမှတ်(၅)၊ ၂၀၀၉ ခုနှစ်မှာ အမှတ်(၆) တို့ကိုအသီးသီး ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

” ၂၀၀၉ မှာ အမှတ်(၆) ကိုထုတ်ဝေပြီး ကြားကာလ

တွေမှာ အမှတ်(၇) ကိုထုတ်ဝေဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် ငွေရေးကြေးရေးအခြေအနေက အဆင်မပြေတာကြောင့် ထုတ်ဝေဖို့ရပ်ဆိုင်းခဲ့ရတယ်။နောက်ပိုင်းတစ်ခါထုတ်ဝေမယ်ဆိုပြန်တော့လည်း နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် ထပ်ပြီးရပ်ဆိုင်းလိုက်ရတယ်။ အခုကအခြေအနေပေးလို့ ထုတ်ဝေဖြစ်ပါတယ်။ နောက်ထပ်လည်း တစ်နှစ်တစ်ကြိမ်လောက်ထုတ်မယ်လို့ စီစဉ်ထားပါတယ်” လို့ တာဝန်ခံစာတည်း ကဗျာဆရာ မောင်နှစ်သိမ့်(တောင်ကုတ်)က ပြောပါတယ်။

အဲဒီ”ရိုးမလှိုင်း” မဂ္ဂဇင်းအမှတ်(၇)ကို အုပ်ရေ ၁၀၀၀ ရိုက်နှိပ်ခဲ့ကာ ဒီလကစပြီး ရခိုင်ပြည်နယ်အနှံ့ ဖြန့်ချိသွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/174949224924463

Leave a Reply

Your email address will not be published.