ဆတ်ရိုးကျရပ်ကွက်က အမျိုးသားတစ်ဦးကို စစ်တပ်ကဖမ်းဆီးထား၊ ရွာကိုဝင်ရောက်ရှာဖွေနေဆဲ

By  Voice Of Westland (VOW)/ 2022 June 23

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်ကို စစ်တပ်ကဝင်ရောက်ရှာဖွေစစ်ဆေးနေပြီး လက်ရှိမှာ ရွာသားတစ်ဦးကိုဖမ်းဆီးထားတာတွေ့ရတယ်လို့ မျက်မြင် ရွာသားတစ်ဦးက VOW ကိုပြောပါတယ်။
လက်ရှိ စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံထားရသူဟာ ဆတ်ရိုးကျရပ်ကွက်အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ အသက်(၅၀)ကျော်အရွယ် ဦးဘသိန်းဖြစ်ပြီး သူ့ကိုဖမ်းဆီးကာ စစ်ကားပေါ်မှာတင်ထားကြောင်း သူကပြောပါတယ်။
“စစ်သားတွေအခုထိ ရွာထဲမှာပဲရှိသေးတယ်။ ကျနော်တို့လည်း အိမ်ထဲကအိမ်ပြင်ကိုမထွက်ရဲဘူး။ ရွာသားတစ်ယောက်ကို ဖမ်းပြီး စစ်ကားပေါ်မှာထားတာတွေ့တယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ဆတ်ရိုးကျအနောက်ဘက် မင်းဒြားချိတ်ဘက်က နေအိမ်တချို့ကိုဝင်ရောက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။
” သူတို့က တစ်အိမ်တက်ဆင်း ဝင်ထွက်ပြီးစစ်ဆေးတာမျိုးတော့မဟုတ်ဘူး။ သူတို့မသင်္ကာတဲ့အိမ်တွေကို ဝင်စစ်တယ်။ အခု မင်းဒြားချိတ်ဘက်ကအိမ်တွေကို စစ်နေတယ်” လို့သူက ပြောပါတယ်။
စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူရွာ)ကို ဒီကနေ့နေ့လယ် တစ်နာရီခွဲအချိန်လောက်ကစလို့ စစ်ကားတစ်စီးနဲ့ စစ်သား ၂၀ ကျော်လောက်ဝင်ရောက်လာပြီး မသင်္ကာတဲ့ နေအိမ်တွေကိုလက်ရှိအချိန်ထိ ရှာဖွေစစ်ဆေးနေဆဲဖြစ်တယ်လို့ အဲဒီမျက်မြင်ရွာသားက ပြောပါတယ်။
စစ်တွေမြို့မှာ စစ်တပ်က ၃ ပွင့်နဲ့ အရာရှိတစ်ယောက်ဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက စစ်တွေမြို့က လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးမှုတွေလုပ်လာနေသလို ရပ်ကွက်ထဲက နေအိမ်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ မြို့ခံတွေက VOW ကို ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/174582428294476

Leave a Reply

Your email address will not be published.