စစ်ဘေးရှောင်များအတွက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ဆန်များကို အာဏာပိုင် ခွင့်ပြုချက်မရသဖြင့် ရပ်နားထားရ

By Development Media Group (DMG)/ 2022 June 19

ပုံစာ – နီပွန်ဖောင်ဒေးရှင်းက ပေးသည့် ဆန်အိတ်များကို အမ်းတွင် သိုလှောင်ထားပုံ။ (Photo- CJ)

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းလိုက်သော ဆန်များကို မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ ခွင့်ပြုချက်မရသဖြင့် ဆန်ပေးဝေရေး အစီအစဉ်ကို ရပ်နားထားရကြောင်း သတင်းရရှိသည်။

နီပွန်ဖောင်ဒေးရှင်းမှ အမ်းစစ်ဘေးရှောင်များအတွက် လှူဒါန်းထားသည့် ဆန်အိတ် ၃၀၀၀ ကျော်ကို လက်ရှိတွင် ဖြန့်ဝေပေးရေးဆောင်ရွက်ရာတွင် မြို့နယ် ဘေးစီမံနှင့် ထွေအုပ်တို့ကို အကြောင်းကြားထား သော်လည်း ခွင့်ပြုချက်မရသဖြင့် အစီစဉ်ကို ယာယီရပ်ဆိုင်းထားရကြောင်း နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နေသူ ကိုဝင်းအောင် က DMG သို့ပြောသည်။

“ အမ်းကို ဆန်အိတ်တွေ ရောက်ကတည်း ကနေ သက်ဆိုင်ရာ ဘေးစီမံနဲ့ထွေအုပ် ကို အကြောင်းကြားထားပြီ။ ဖြန့်ဝေမယ်လုပ်တော့ အမ်းကထွေအုပ်နဲ့ ဘေးစီမံခွင့်မပြုဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အထက်က ညွှန်ကြားချက်မရောက်သေး လို့နေမှာပေါ့ ” ဟု သူ ကပြောသည်။

ထိုဆန်များကို ဖြန့်ဝေပေးနိုင်ရေးအတွက် အမ်းမျိုးဆက်သစ်အဖွဲ့နှင့် တခြားသော စစ်ဘေးရှောင်များကို ကူညီသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသော်လည်း အဆင်မပြေဖြစ်နေသဖြင့် လက်ရှိတွင် အမ်းမြို့ ရပ်ကွက်အချို့ရှိ ဓမ္မာရုံတို့တွင် ထိုဆန်အိတ်များကို သိုလှောင် ထားရကြောင်းလည်း သိရသည်။

ထိုသို့ အမ်းတွင် ဆန်ဖြန့်ဝေပေးရန် သတ်မှတ်ထားသည့် စစ်ဘေးရှောင်း စုစုပေါင်း ၆၀၀၀ ကျော်ရှိခဲ့သော်လည်း ၎င်းတို့မှာ နေရပ်ပြန်သွားသူများ ရှိသဖြင့် လက်ရှိတွင် မြို့ပေါ်စစ်ဘေးရှောင် ဦးရေ ၁၀၀၀ ကျော်ခန့်ကျ န်နေသေး ကြောင်းလည်း သိရသည်။

ယင်းကြောင့် ထွေအုပ်အနေဖြင့် မြို့ပေါ်ရှိ စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို သာပေးမည်ဖြစ်သလို တခြား နေရပ်ပြန်သွားသူများကို လောလောဆဲ မပေးဆိုသည့် သဘောဖြင့် တားမြစ်ထားခြင်းလည်းဖြစ်နိုင်ကြောင်း ကိုဝင်း​​အောင်က ဆိုသည်။

 “ အခုက အစိုးရဆီက လှူတာမဟုတ်ဘူးလေ။ နီပွန်ဖောင်ဒေးရှင်းက လှူဒါဖြစ်တယ်ဆိုတော့ ကျနော်တို့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ပြောရမယ်ဆိုရင် ဒီလိုအနေအထား ပုံစံမျိုးကို လက်ခံလို့ မရဘူး။ ဒီဟာက လွတ်လပ်လွတ်လပ် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ရှိရမယ်။ ပြီးရင် စစ်ဘေးရှောင်ဆီကို ချောချောမွေ့မွေ့နဲ့ ရောက်ရမယ် ” ဟု ကို ဝင်းအောင်က ရှင်းပြသည်။

ယင်းအပြင် အဆိုပါ ဆန်များကို ပြည်နယ် စစ်ကောင်စီက ၎င်းတို့ထံမှ လှူဒါန်းသည့် ပုံစံဖြင့် ၎င်းတို့ကိုယ်တိုင်စီမံပေးဖြန့်ဝေပေးမည့် အနေအထားအထားတွင်ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

ထိုသို့ အမ်းစစ်ဘေးရှောင်များကို ဆန်ပေးဝေမည့် အစီအစဉ် နှင့်ပတ်သက်ပြီး အမ်းမြိ့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ ဒီဆန်တွေကို ကျနော်တို့ ပေးဖို့အတွက် အဖွဲ့ခွဲပြီးတော့ ဆောင်ရွက်နေပါတယ်။ ပေးမယ့် ရက်ကိုတော့ ကျနော်တို့ အတိအကျပြောမရသေးဘူး။ အမြန်ဆုံးပေးနိုင်အောင်တော့ လုပ်နေတယ် ” ဟု ဆိုသည်။

အမ်းစစ်ဘေးရှောင်များအနေဖြင့် အဆိုပါဆန်ဖြန့်ဝေပေးရေး အစီအစဉ်ကို အမြန်ဆုံးပြေပြေလည်လည် ဆောင်ရွက်ပေးပြီး စစ်ဘေးရှောင်များ လက်ထဲသို့ ရောက်ရှိရန် ဆန္ဒရှိနေကြသည်။

အမ်းမြို့မ အမှတ် (၁) စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးသန်းချို က “ အခုကတော့ မိုးရာသီဖြစ် နေတယ်ဆိုတော့ ဆန်တအိတ်ရရင်လည်း အဆင်ပြေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒုက္ခသည်တွေဖြစ်တယ်။ တကယ်လည်းလိုအပ်တယ် ” ဟု DMG ကိုပြောဆိုသည်။

အဆိုပါ ဆန်အိတ်များမှာ ပြည်နယ်စစ်ကောင်စီနှင့် ULA/AA တို့၏ သဘောတူညီမှုဖြင့် ရခိုင်ပြည်က စစ်ဘေးရှောင်းများအတွက် ဒေါ်လာ ၁ သန်းခန့်တန်ဖိုးကို ဆန်အိတ်များဝယ်ယူရန် ဂျပန်အစိုးရထံမှ နီပွန်ဖောင်ဒေးရှင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုပေးအပ်မည့် ဆန်များကို စစ်ဘေးရှောင်ဒုက္ခသည်များအတွက် တစ်ဦးလျင် ဆန်တစ်အိတ် နှုန်းဖြင့် ဆန်အိတ်စုစုပေါင်း (၅၅၀၉၄)အိတ်ကို ဧပြီလ ဒုတိယ ပတ်က လှူဒါန်းလာခြင်းဖြစ်ကာ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်း ရ၂ ခုအတွက် ပေးဝေးရန် အတွက် ပြည်နယ် အစိုးရနှင့် သဘောတူပြီးသား ဖြစ်ကြောင်း လည်းသိရသည်။

ထို့ကြောင့် ပထမအဖြတ်အနေဖြင် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်၊ ရသေ့တောင်နှင့် ပေါက်တောတို့မှ စစ်ဘေးရှောင်စခန်း ၃၃၊ ခုအတွက် ဇွန်လပထမပတ်တွင် ဆန်အိတ် (၁၉၉၅၆)ကိုု  စတင်ဖြန့်ဝေရန် လျာထားခြင်းလည်းဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း လောလောဆဲ နှစ်ဘက်စစ်ရေး တင်းမာမှုများရှိနေသည့်အတွက် ဆန်ဖြန့်ဝေမည့် အစီအစဉ်ကို ယာယီ ရပ်နားထားခဲ့ရသည်။

ထို့အတူ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ဆန်များကို တခြား စစ်ဘေးရှောင်များကလည်း  မိုးရာသီ စားဝတ်နေရေးကျပ်တည်းနေသည့် ကာလဖြစ်သဖြင့် ဆန်ပေးမည့် အစီအစဉ်ကို  မျှော်လင့်နေကြသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်း သတင်းပြန်ကြားရေး တာဝန်ခံ ကိုဦးစိုးနိုင် က “ ပေးရင်တော့ ကောင်းတာပေါ့။ ပေးဖို့အတွက်လည်း သူတို့စာရင်းကောက်သွားတာရှိတယ်။ ကျနော်တို့ကတော့ ဒုက္ခသည်ဆိုတော့ ဘာပဲလှူလှူ လက်ခံရမှာပဲ။ ရရင်တော့ ကောင်းတာပေါ့ ” ဟု ကဆိုသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဌလည်းဖြစ် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ် ရေး အထူးကိုယ်စားလှယ်လည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါသည် ၂၀၂၁ ခု နိုဝင်ဘာလ ၂၈ ရက်နေ့က ရခိုင်သို့ ရောက်ရှိလာပြီး  စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပေး ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေမှာ လက်ရှိတွင် ၄ သောင်းကျော်အထိ ကျန်ရှိနေသေးကြောင်း ရခိုင်မျိုးနွယ်များ အစည်းအရုံး (REC) စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2321275034691561

Leave a Reply

Your email address will not be published.