By Western News/ 2022 June 25
ရခိုင်ပြည်နယ်တွင် စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက် တော်၊ မြောက်ဦး၊ မင်းပြား ကားလမ်းတစ်လျှောက်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ဖမ်းဆီးစစ်ဆေးနေ၍ ယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရကြောင်း ကားသမားများကပြောသည်။
ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့မှစစ်ကောင်စီစစ်သားတစ်ချို့ကို ရက္ခိုင့်တပ်တော် AAဖက်က ဖမ်းဆီးပြီးနောက် စစ်တပ်ဖက်ကလည်း ဒေသခံအရပ်သားများကို ဖမ်းစီးကာ ကားလမ်းတစ်လျှောက် စစ်ဆေးမှုများ တင်းကြပ်နေခြင်းဖြစ်သည်။
ယင်းနောက် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့တို့တွင်လည်း AAနှင့်စစ်တပ်တို့ နှစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတို့ ဆက်တိုက်ရှိနေပြီး စစ်တွေမှ မင်းပြား ကားလမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်က စစ်ဆေးမှုမှာ ပိုပြီးတင်းကြပ်လာနေသည်ဟု ကားသမားများကပြောသည်။
စစ်တပ်ဖက်က ခရီးသည်များကို စစ်ဆေးမှုတင်းမာနေသည့်အပြင် တစ်ဖက်တွင်လည်း မြို့ခံများနှင့်ဒေသခံများကို ဖမ်းဆီးမှုတို့ရှိနေ၍ ခရီးသည်များ စီးနင်းလိုက်ပါသူ မရှိသလောက်ရှားသည့်အတွက် ဇွန်လ ၁၃ရက်နေ့ကတည်းက ခရီးသည် ပြေးဆွဲမှုကို ရပ်နားထားရသည်ဟု စစ်တွေ၊ ကျောက်တော်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။
“ကျောက်တော်မှာ ဖြစ်ပြီးကတည်းက ခရီးသည် လိုက်ပါမှုအားနည်းသွားတယ်။ နယ်ဖက်ကလူတွေက ကျောက်တော်မြို့ပေါ်ကို မလာကြတော့ဘူးလေ။ အဲ့လိုဆို ခရီးသည်တွေရှာရတာမလွယ်ဘူး။ ပြီးတော့ ကျောက်တော်မှာ အရမ်းစစ်ဆေးဖမ်းဆီးတာတွေရှိတော့ ကျွန်တော်တို့လည်း ကားမပြေးဆွဲရဲတော့ဘူးလေ။ အခြေအနေတစ်ခုထိတော့ စောင့်ကြည့်ရဦးမယ်”ဟုပြောသည်။
စစ်တွေမှ မင်းပြားအပြန်တွင် စီးနင်းလိုက်ပါသူ တစ်ဦးမှမရှိသေးဟု မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ လမ်းတစ်လျှောက်မောင်းနှင်သည့် နောက်ထပ်ကားသမား တစ်ဦးကပြောသည်။
“မနက်က စစ်တွေကို ဆေးရုံလာပြတဲ့ ခရီးသည် ၂ဦးနဲ့ စစ်တွေဖက်လာတာ အပြန်ကျတော့ တစ်ယောက်မှ မရဘူး။ စစ်တွေဈေးတွေမှာလည်း လူတွေမရှိသလောက်ပဲ။ ကားဂိတ်မှာ လူရှာတော့လဲ ခရီးသည်မရှိပြန်ပါဘူး။ ဒါကြောင့်ခရီးသည်မရဘဲ မင်းပြားကို ပြန်ရမယ့် အခြေအနေပါ”ဟုပြောသည်။
စစ်တွေမှ မင်းပြား ကားလမ်းတစ်လျှောက်တွင် စစ်တပ်က စစ်ဆေးမှု ၁၀ခုထက်မနည်းရှိပြီး ယင်းထဲတွင် မြောက်ဦး ငွေတောင်ပေါက်တံတားအနီး၊ ကျောက်တော် ကစ္ဆပနဒီတံတားအနီး၊ ကျောက်တော် မြို့ထွက်ဝအနီး၊ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းအနီး၊ စစ်တွေ ကျောက်တန်းကြီး စစ်ဆေးရေးဂိတ်နှင့် စစ်တွေအဝင်ရှိ တပ်နယ်တို့တွင် စစ်ဆေးမှု အတင်းမာဆုံးဖြစ်သည်ဟုသိရသည်။
ကျောက်တော်မှ စစ်တွေသို့လာသည့် ခရီးသည်တစ်ဦးက “စစ်တွေနယ်ဖက် ကျောက်တန်းဂိတ်မှာတော့ ခရီးသည် တွေကို မှတ်ပုံတင် စစ်ပါတယ်။ အမျိုးသမီးတွေကိုတော့ သိပ်မစစ်ဘူး။ အမျိုးသားတွေကိုတော့ စစ်ဆေးတာများတယ်။ ကိုယ့်ပြည်မှာ သွားနေတာပဲ လူတိုင်းတော့ မှတ်ပုံတင်မဆောင်ကြဘူးလေ။ပြီးတော့ စစ်တွေမြို့ထဲအဝင် တပ်နယ်မှာလည်း ကားသမားကို စစ်ဆေးတာတွေ့တယ်”ဟုပြောသည်။
ယင်းပြင် ယနေ့ ဇွန်လ ၂၃ရက်နေ့က စစ်တွေတွင် စစ်တပ်ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးကို AAကဖမ်းဆီးပြီးနောက် ပြည်တွင်းပြေးဆွဲနေသည့် ရေကြောင်းလိုင်းများကို စစ်ကောင်စီက ပြေးဆွဲခွင့်ပိတ်ပင်ထားသည်။
ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားချိန်မှစ၍ ကုန်းကြောင်းနှင့် ရေကြောင်းလိုင်းများမှာ စစ်ဆေးမှု တင်းမာခဲ့ခြင်းဖြစ်ပြီး လက်တလောတွင်လည်း AAနှင့်စစ်တပ် စစ်ရေးနှစ်ဖက် တင်းမာသည့်အခြေအနေတွင်ရှိနေ၍ ယခင်ထက် စစ်ဆေးမှုများ တင်းမာလျက်ရှိနေသည်။
https://www.facebook.com/westernnewsagency/posts/550271063446069