By Western News/ 2022 June 13
စစ်တွေအကျဉ်းထောင်တွင် ထောင်သားများအား အနံပေ ၁၀၊ အလျား ပေ ၂၀ ခန့်ရှိသော အခန်းများတွင် လူ ၂၀၊ ၃၀ ခန့်အထိ ထားသည့်အတွက် အဆင်မပြေမှုများရှိကြောင်း ထောင်က လွတ်မြောက်လာသူများက ပြောဆိုကြသည်။
ယင်းကဲ့သို့ အကျဉ်းထောင်သားများကို ပြွတ်သိပ်စွာထားသည့်အတွက် ထောင်သားများသည် လူသွားလမ်းများနှင့် အိမ်သာအနီးအနားတို့တွင် အိပ်ရမှုများရှိနေပြီး ထိုကဲ့သို့ အိမ်သာအနီးအနားတွင် အိပ်ရမှုများကြောင့် အနံ့အသက်များမကောင်းသည့်အတွက် ကျန်းမာရေးထိခိုက်မှုရှိနေကြကြောင်းပြောဆိုသည်။
မကြာသေးမီက စစ်တွေအကျဉ်းထောင်က လွတ်မြောက်လာသူတစ်ဦးက”အခန်းတစ်ခန်းမှာ လူ ၂၀၊ ၃၀ ထားတယ်။ အဲဒီအခန်းတွေက အနံ ၁၀ ပေ၊ အလျားက ၁၅ ပေ၊ ပေ ၂၀ လောက်ရှိမယ်။ အဲလိုဆိုတော့ လူသွားလမ်းမှာလည်း အိပ်ရတယ်။ နောက် အိမ်သာနားတွေမှာလည်း အိပ်ရတယ်။ ပြွတ်သိပ်ပြီးတော့ နေရတယ်။ ထောင်ထဲမှာ အသစ်ဆောက်ထားတဲ့ အဆောင်တွေ အများကြီးရှိတယ်။ အဲဒီအဆောင်တွေမှာမထားဘဲ ဒီဖက်မှာပဲ ပြွတ်သိပ်ပြီးတော့ထားတယ်”ဟု ပြောသည်။
အခြားတစ်ဖက်တွင်လည်း ထောင်အတွင်းရေရှားပါးမှုများရှိနေပြီး ရေလုံလောက်မှုမရှိခြင်းကြောင့် ဝမ်းလျှော ဝမ်းရောဂါများ၊ ယားနာများစသည်ဖြစ်ပေါ်နေ၍ အကျဉ်းထောင်သားများ နေထိုင်မှုမှာလည်း ကျန်းမာရေးနဲ့ လုံးဝကိုက်ညီမှုမရှိကြောင်း သူကဆက်ပြောသည်။
၄င်းအပြင် ထောင်သားများအတွက် ဆေးဝါးလုံလောက်မှုလည်းမရှိဘဲ မိသားစုများအားထောင်ဝင်စာတွေ့ခွင့်မပေးသည့်အတွက်လည်း မိသားစုနှင့်အဆက်အသွယ်ပြတ်ကာ ထောင်ဝန်ထမ်းများ၏ လိမ်လည်မှုကိုလည်း ခံနေကြရသည်ဟု ပြောသည်။
“ဆေးဝါးတွေလည်း ထောင်ထဲမှာ လုံလုံလောက်လောက်မရှိဘူး။ အခုဆိုရင် လူချင်းလည်းတွေ့လို့မရဘူး။ ထောင်ဝင်စာတစ်ခုကိုပဲ လက်ခံတယ်။ လူဝင်လို့မရဘူး။ အိမ်က ပိုက်ဆံမှာမယ်ဆိုရင် ဝန်ထမ်းတွေကတဆင့် မှာရတယ်။ အဲလိုဆိုရင် ပိုက်ဆံ ၅၀၀၀၀ ရောက်တယ်ဆိုရင် ၃၀၀၀၀ ပဲပြောတယ်။ အဲလိုမျိုး အလိမ်ခံရတာတွေရှိတယ်။ အဲလိုမျိုး ပြဿနာတစ်ခုရှိတယ်”ဟု ဆိုသည်။
ယခင်က တစ်ရက်တွင် ထောင်သားများအား ကြက်ဥနှစ်လုံးကျွေးရာကနေ ယခုတွင် တစ်လုံးတည်းသာကျွေးသည့်အတွက် အဟာရချို့တဲ့မှုများလည်းကြုံနေရကြောင်း သိရသည်။
“စားသောက်ရေးပိုင်းမှာဆိုရင်လည်း တစ်ရက်မှာ ကြက်ဥတစ်လုံးပဲစားရတယ်။ အရင်ဆိုရင် ကြက်ဥနှစ်လုံးစားရတယ်။ အခုက တစ်လုံးပဲဆိုတော့ အဆင်မပြေဘူး။ အဲဒါကတော့ ညနေဖက်မှာစားရတယ်။ မနက်ဆိုရင် ပဲဟင်းရည်တစ်ခုတည်းနဲ့ပဲစားရတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာတွေ့ခွင့်ကို ကန့်သတ်ထားရှိခဲ့ပြီး ပစ္စည်းများကိုသာ လက်ခံခဲ့ကာ ယခုအချိန်တွင် ကိုဗစ်လည်း မရှိတော့သည့်အတွက် မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်ကို ခွင့်ပြုသင့်သည်ဟု စာရေးဆရာဝေဟင်အောင်ပြောသည်။
“ကျနော်တို့ကတော့ ထောင်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို မသိရဘူး။ မမြင်ရဘူး။ မိသားစုတွေက ထောင်ဝင်စာလည်း မတွေ့ရဘူးဆိုတော့ ထောင်ထဲက အခင်းအကျင်းတော်တော်များများကို ကျနော်တို့ မသိရဘူး။ မိသားစုနဲ့မတွေ့ရတာလည်း အတော်ကြာနေပြီ။ ဒါတွေကတော့ ကိုဗစ်ကို အကြောင်းပြပြီးတော့ သူတို့မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ ကိုဗစ်ကလည်း အတိုင်းအတာတစ်ခုထိ လျော့နည်းသွားပြီးဆိုတော့ မိသားစုတွေနဲ့ တွေ့ခွင့်ပေးသင့်တယ်လို့ မြင်တယ်”ဟု ပြောသည်။
စစ်တွေထောင်တွင် အသစ်ဆောက်လုပ်ထားသော အဆောင်များရှိသော်လည်း ၄င်းအဆောင်များတွင် မထားဘဲ ပြွတ်သိပ်စွာ ထားသည့်အတွက် ထောင်သားများအနေဖြင့် အဆင်မပြေမှုများလည်း ရှိနေကြသည်ဟု ပြောဆိုကြသည်။
ထောင်သားများအနေဖြင့် ယခင်ကထက်ဆိုးဝါးစွာ ကျဥ်းကျပ်မှု ခံနေရသည်ကို အမှုသည်များအား ရုံးထုတ်လာချိန်များတွင် ကြားသိရသည်ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။
“အခုက ထောင်မှာ အစားအသောက်တွေကအစ တင်းကျပ်လာတယ်။ တစ်ပတ်မှာ အသားတစ်ကြိမ်ကျွေးတာတောင် ပုံမမှန်တာတွေရှိတယ်ဆိုပြီးတော့ ရုံးထုတ်တိုင်း၊ ထောင်ဝင်စာတွေပို့တိုင်း ကျမတို့ ကြားသိရတယ်”ဟုပြောသည်။
စစ်တွေအကျဉ်းထောင်တွင် အချုပ်သားနှင့်ထောင်သား ခန့်မှန်းခြေအားဖြင့် ယောင်္ကျားဦးရေ ၆၀၀ ခန့်ရှိပြီး၊ အမျိုးသမီးဦးရေ ၁၀ ဂဏန်းရှိကြောင်း သိရှိရသည်။ ထောင်၏ အပေါ်ထပ်တွင် အခန်း ၇ ခန်း၊ ၈ ခန်းနှင့် အောက်ထပ်တွင် ၇ ခန်း၊ ၈ ခန်းရှိကြောင်း သိရှိရသည်။
https://www.facebook.com/westernnewsagency/posts/542277117578797