စစ်တွေရှိဧရာဝတီဘဏ်တွင် ငွေလာလွှဲသူတစ်ဦးထံမှ ငွေစက္ကူတစ်သောင်းတန် အတုများဖမ်းမိ

By Narinjara / 2022 June 23

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာလွှဲသူတစ်ဦးထံမှ ငွေစက္ကူတစ်သောင်းတန် အတုများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်တွင် စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်၊ လမ်းမကြီးလမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ ဦးကျော်မြင့် (ခ)မာမွတ်အီစွတ် (၃၈ နှစ်)သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ ဦးတွတ် (L55 Shwe Hintha ကုမ္ပဏီ)၏ဘဏ်အကောင့်သို့ ထန်းလျက်ဖိုး ငွေကျပ်သိန်း ၁ဝဝ (တစ်သောင်းကျပ်တန်ရွက် ရေ ၁ဝဝဝ)လွှဲရန် လာရောက်ပေးသွင်းစဉ် ငွေတစ်သောင်းတန်ကျပ် ၁ဝဝဝ ရွက် အနက် တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၃၅ ရွက်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။

ဦးကျော်မြင့်(ခ) မာမွတ်အီစွတ်သည် သဲချောင်းယာယီဈေး၌ စားသောက်ကုန်များ လက္ကားရောင်းချရာမှ ပါလာသည့် ငွေစက္ကူများဖြစ်သည်ဟုထွက်ဆိုကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါငွေစက္ကူအတုများအား စစ်တွေမြို့မရဲစခန်းက သိမ်းဆည်းထားပြီး လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5576028975742467

Leave a Reply

Your email address will not be published.