By Western News/ 2022 June 28
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့မှ မြို့နယ်အသီးသီးများသို့ပြေးဆွဲနေသည့် ရွှေပြည်တန်ရေကြောင်းလိုင်းများ အပါအဝင် ရေကြောင်းလိုင်းများကို ဇွန်လ ၂၄ ရက်နေ့မှ ယနေ့ဇွန်လ ၂၈ ရက်နေ့ထိ ၅ ရက်ကြာသည့်တိုင် စစ်တပ်က ပြေးဆွဲခွင့် ဆက်လက်ပိတ်ထားဆဲဖြစ်သည်။
ယင်းသို့ ပြေးဆွဲခွင့်ပိတ်ပင်ထားသည့်အတွက် ပုဂ္ဂလိက ရေယာဉ်လိုင်းပြေးဆွဲနေသူများမှာ ဆုံးရှုံးနစ်နာမှုများများစွာရှိနေသည်ဟု ရေကြောင်းလိုင်းပြေးဆွဲနေသူများကပြောသည်။
လက်ရှိအထိ ရေယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားထားရဆဲဖြစ်သလို ပြန်လည်ပြေးဆွဲရမည့်ရက်ကိုလည်း စစ်တပ်ဖက်က အသိပေးလာခြင်းမရှိသည့်အတွက် ဆက်လက်ရပ်နားထားရမည့်အခြေအနေတွင်ရှိသည်ဟု ရခိုင်မြို့နယ်အသီးသီးကိုပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။
“ဘယ်နေ့ ပြန်ပြီးပြေးဆွဲရမယ်ဆိုတာတော့ အသိပေးလာတာမရှိသေးပါဘူး။ လောလောဆယ်တော့ ဆက်ပြီး ရပ်နားထားရတဲ့အနေအထားမှာရှိပါတယ်။ တကယ်လို့ ပြန်ပြေးဆွဲခွင့်ရမယ့် နေ့ကိုသိရရင်တော့ ကျွန်တော်တို့ Facebook page ကနေ ကြေညာသွားပါမယ်”ဟုဆိုသည်။
ယင်းပြင် ပြီးခဲ့သည့် နှစ်မှစကာ ယနေ့အထိ စက်သုံးဆီဈေးနှုန်းများ အဆမြင့်တက်နေပြီး ဝန်ထမ်းများနှင့်လုပ်ငန်းလည်ပတ်ရေးကို အဓိကဦးစားပေးနေရသည့်အခါ ယခုကဲ့သို့ပြေးဆွဲမှုရပ်နားထားရ၍လည်း ဆုံးရှုံးနစ်နာမှု များစွာရှိသည်ဟု ဆက်လက်ပြောဆိုသည်။
ကုန်းလမ်းခရီးမှ သွား၍ အဆင်မပြေနိုင်သည့် အခြေအနေမျိုးတွင် ရေလမ်းခရီးကအရေးပါသည့်အတွက် စစ်တပ်က ယခုကဲ့သို့ခရီးသည်တင်ယာဉ်များကို ပြေးဆွဲခွင့် အမြန်ဆုံးပြန်လည်ပြေးဆွဲခွင့်ပြုစေချင်သည်ဟု မြောက်ဦး ဒေသခံတစ်ဦးကပြောသည်။
“ကျွန်တော်တို့ မြောက်ဦးကို ကုန်းလမ်းက သွားလို့ရတာပေါ့။ ဒါပေမယ့် ရေလမ်းကသွားရတာ ပိုပြီးအဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ ကုန်လမ်းထက် ခရီးစရိတ် တစ်ဝက်နီးပါးသက်သာတယ်။ ပြီးတော့ စစ်တွေကနေ ဆေးကုပြီးပြန်မဲ့သူတွေဆို ရွှေပြည်တန်လို ရေယာဉ်က ပိုအဆင်ပြေပါတယ်။ ကျန်းမာရေးကြောင့် ဗိုက်တွေကို ခွဲထားရတာမျိုးရှိရင် ကားစီးလို့အဆင်မပြေဘူးလေ။ ခုလို ပိတ်ထားတော့ အဆင်မပြေဘူးလေ။ ခရီးသည်တွေ သွားလာရေး အဆင်ပြေဖို့ အမြန်ပြန်ပြေးဆွဲခွင့်ပေးသင့်ပါတယ်”ဟုပြောသည်။
စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း(BXT)ဖက်တွင်မူ ပေါက်တောနှင့် စစ်တွေပြေးဆွဲနေသည့် ဘုတ်များကိုပြေးဆွဲခွင့် ပေးထားဟုသိရသည်။
ရေယာဉ်ပြေးဆွဲခွင့်ပေးထားသော်လည်း ဆတ်ရိုးကျချောင်းကို ဝင်ခွင့်ပိတ်ထား၍ လှိုင်းကြီးလျှင် အခက်ကြုံနေရသလို ကုန်သည်များကို လိုအပ်သလို သယ်ယူခွင့်မရဟု စစ်တွေ-ပေါက်တော ပြေးဆွဲနေသည့် ဘုတ်ပိုင်ရှင်တစ်ဦးကပြောသည်။
“ကိုးရီးယား ဆိပ်ကမ်းဖက်က ပြေးဆွဲခွင့်တော့ မပိတ်ထားလို့ ပြေးဆွဲနေပါတယ်။ ဒါပေမယ့် ဒီဖက်မှာက ခရီးသည်နည်းနည်းပဲရတယ်။ ဆတ်ရိုးကျချောင်းထဲကို ပိတ်ထားတော့ အဲ့ဒီဖက်ကတင်မယ့်ကုန်တွေကို တင်လို့မရဘူးဖြစ်နေပါတယ်။ ပြီးတော့ လှိုင်းကြီးလာရင် ဒီဆိပ်ကမ်းမှာ အဆင်မပြေဘူးလေ။ အန္တရာယ်ရှိတယ်။ အရင်ကတော့ လှိုင်းကြီးလာရင် ဆတ်ရိုးကျချောင်းထဲဝင်ပြီးနေတယ်။ အခုဆို ချောင်းအဝင်ဝကို နေဗီက ပိတ်ထားတယ်”ဟုပြောသည်။
ဇွန်လ ၂၄ရက်နေ့မှ စကာ စစ်တပ်ဖက်က ဆတ်ရိုးကျတံတားအနီးရှိစစ်ဆေးရေးဂိတ်မှ ဆတ်ရိုးကျချောင်းအတွင်းသို့ အဝင်အထွက်အားလုံးကို ပိတ်ပင်ထားခြင်းဖြစ်သည်။
ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှ ကုန်စုံဆိုင် ရောင်းချသူတစ်ဦးက”ကျွန်မတို့ မယူကမ်းဖက်ဒေသတွေက စစ်တွေကနေပဲ ရေလမ်းနဲ့ကုန်တွေလည်ပတ်နေတာ။ အခုပိတ်ထားတာလည်း တစ်ပတ်နီးပါးရှိနေတော့ တစ်ချို့ကုန်တွေပြတ်တော့မယ်။ မိုးစဲကျွန်းဖက်ကနေ ပါဒလိတ်ကတဆင့်မှာရင်လည်း ရေလမ်း ၂ခါ၊ ကုန်လမ်း ၂ ခါနဲ့ ခရီးစရိတ်တွေ အရမ်းများလို့ အဆင်မပြေဘူး။ ထပ်ပြီးတော့ ရေလမ်းကို ပိတ်ထားရင် ကုန်ပစ္စည်းတွေပြတ်ကုန်မှာ”ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က စစ်တွေမြို့ ၃၅၄ တပ်ရင်းမှာ စစ်ဗိုလ်တစ်ဦးနှင့် နေက်ထပ် စစ်သားတစ်ဦးကို AA ဖက်က ဖမ်းဆီးပြီးနောက် ဇွန်လ၂၄ ရက် နေ့နံနက်ပိုင်းမှစကာ စစ်တပ်က စစ်တွေမှပြေးဆွဲနေသည့် ရေကြောင်းခရီးများ ပြေးဆွဲခွင့်ကိုပိတ်ပင်ထားခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/552332049906637