စစ်တွေမြို့သို့ ဆန်ရောင်းရန်လာသည့် ပေါက်တော IDP စခန်းမှ မွတ်ဆလင် ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီး

By Western News/ 2022 June 26

ဓာတ်ပုံ-ရခိုင်နေ့စဥ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်း IDP စခန်းမှ စစ်တွေမြို့သို့ ဆန်ရောင်းရန်လာကြသည့် မွတ်ဆလင် ၉ ကို ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း IDP စခန်းတွင်နေထိုင်သူများက Western News ကိုပြောသည်။

၄င်းတို့ကို ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းချိန်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့က ပေါက်တောမြို့နယ်၊ သဲခုံရွာအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့၏ ဖေ့စ်ဘွတ်ပေချ့် တစ်ခုဖြစ်သည့် ရခိုင်နေ့စဥ်သတင်းတွင် ဇွန်လ ၂၅ရက်နေ့က ဖော်ပြသည်။

အဆိုပါစက်လှေတွင် ကမ္ဘာ့စားနပ် ရိက္ခာအစီစဉ် WFP စာတမ်းပါ ဆန်အိတ်၊ စားဆီ၊ ကုလားပဲ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့၏ ထုတ်ပြန်သည့် စာတွင်ဖော် ပြထားသည်။

“မသင်္ကာဖွယ်ရာ စက်လှေတစ်စီး တွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ရာ အမည်မရှိစက်လှေ ၁ စီး ပေါ်တွင် WFP စာတမ်းပါ ဆန် ၁ဝဝ အိတ်၊ စားဆီ ၆ဝဝ ဗူး(၃ လီတာဆံ့)၊ ကုလားပဲ ၂ဝ အိတ်၊ မြန်မာစက္ကူ ငွေရောရာ ၈၇၃၃ဝဝဝ ကျပ်နှင့်အတူ ပေါက်တောမြို့နယ်နေ မွတ်ဆလင် ၉ ဦးအား ဖမ်းဆီးရမိခဲ့​သည်”ဟု  ရေးသားထားသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသူ တစ်ဦးပါဝင်ပြီး ဖမ်းဆီးခံရသူများအားလုံးကို စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက ၎င်းတို့ကို တရားစွဲဆိုနိုင်ရင် ကြိုးပမ်းနေကြောင်း IDP စခန်းတွင် နေထိုင်သူများက ပြောသည်။

Western News မှ ပေါက်တောမြို့နယ်၊ ငှက်ချောင်း IDP စခန်းကို စုံစမ်းခဲ့ရာတွင် စခန်းတွင်နေထိုင်သူများဖြစ်ကြသည့် ဇောကိရ် အသက် ၁၇နှစ်၊ ဇာလာမီယာ အသက် ၃၃နှစ်၊ အော်လီအသက်၂၅နှစ်၊ အုဆာန် အသက် ၁၉နှစ်၊ တော်ယောမ်ဂူလာ အသက် ၄၆နှစ်၊ ရော်ဖိခ် အသက် ၃၁ နှစ်၊အဒူဟားမိတ် အသက် ၃၈နှစ်၊ အလီအမောတ် အသက် ၃၆နှစ်၊ ဂူရာမီယာ အသက် ၄၅နှစ်တို့မှာ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံထားရသူများမှာ ပေါက်တောမြို့နယ်၊ ငှက်ချောင်း IDP စခန်းမှ ဖြစ်ကြပြီး ဆင်းရဲနွမ်းပါးသူများက မိမိရရှိသော ရိက္ခာမှ တစ်ချို့တဝက်ကို အထွေထွေ အသုံးစရိတ်အတွက် ရောင်းချရခြင်းဖြစ်သည်ဟု ငှက်ချောင်းစခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“သူတို့က တရားဝင် ငှက်ချောင်း IDP ကနေ ကျနော်တို့ ရိက္ခာရတဲ့အထဲက ဆင်းရဲသားတွေ အသေးအသုံးအတွက် ဆန်နဲ့ပဲတွေကို စစ်တွေကို  ရောင်းဖို့သွားတဲ့အချိန်မှာ ဖမ်းတာပါ။ စစ်တွေမှာ စျေးနည်းနည်းပိုရတဲ့အတွက် အဲပစ္စည်းတွေကို ရောင်းဖို့သွားကြတာပါ။ တချို့မိသားစုတွေက ဆင်းရဲချို့တဲ့ကြတယ်။ အထွေထွေစရိတ်အတွက် မရှိဆင်းရဲသားတွေက ရောင်းကြတယ်။ ဒါတွေကို ကုန်သည်တွေက လိုက်ဝယ်ပြီးတော့ လိုင်းဘုတ်နဲ့ တရားဝင်သွားရောင်းကြတာပါ”ဟု ပြောသည်။

ဆင်းရဲနွမ်းပါးသူများ၏ အထွေထွေအသုံးစရိတ်အတွက် ဆန်၊ ဆီ၊ ပဲ သွားရောင်းသူများအား ဖမ်းဆီးခြင်းမှာ မတရားဖမ်းဆီးခြင်းသာဖြစ်ကြောင်း IDP စခန်းတွင် နေထိုင်သူများက ပြောသည်။ ဆန်၊ ဆီ၊ ပဲ စသော ပစ္စည်းများကို စစ်တွေသို့ သွားရောင်နေသည်မှာ ယခုတကြိမ်မဟုတ်ဘဲ ယခင်ကလည်း အကြိမ်ကြိမ် သွားရောင်းခဲ့ကြသည်ဟု သူကဆက်ပြောသည်။

ဖမ်းဆီးရမိသည့် စက်လှေနှင့် စက်လှေပေါ်ပါပစ္စည်းများအား စစ်တွေမြို့ မြို့မရဲစခန်းတွင်ထိန်းသိမ်းထား ရှိပြီး မွတ်ဆလင် ၉ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်နေ့စဥ်တွင် ရေးသားထားသည်။

https://www.facebook.com/westernnewsagency/posts/551049106701598

Leave a Reply

Your email address will not be published.