စစ်တွေမြို့နယ်မှ ဖမ်းဆီးခံ ရခိုင် ၄ ဦးနှင့် မွတ်ဆလင် ၄ ဦး ပြန်လည်လွတ်မြောက်လာ

By Western News/ 2022 June 30

ဓာတ်ပုံ-ဇွန် ၂၃ ရက် စစ်ကောင်စီက စစ်တပ်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးဖမ်းဆီးခံရနောက်ပိုင်း စစ်တွေမြို့ခံများကို ဖမ်းဆီးခဲ့သည်

ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီမှတပ်သားများအဖမ်းရပြီးနောက် စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် အရပ်သားများထဲမှ ရခိုင် ၄ ဦးနှင့် မွတ်ဆလင် ၄ ဦးတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်ရရှိသည်။

၎င်းတို့မှာ ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်လာသူများဖြစ်ကြပြီး ရခိုင် ၄ ဦးမှာ ကြွီတဲကျေးရွာမှ ဦးညီညီထွန်း၊ ကြွီတဲပိုက်ဆိပ်ကျေးရွာမှ ဦးမြင့်စိုး၊ မင်းဂံ အကွက် (၁၀)မှ ဦးညီညီနှင့် ပေါက်တောမြို့နယ်၊ သင်းပုန်းချောင်းကျေးရွာမှ ရွှေပြည်အေးတည်းခိုခန်းဝန်ထမ်း ကိုကျော်သန်းအေး တို့ဖြစ်ကြသည်။

ပြန်လည်လွတ်မြောက်လာသည့် မွတ်ဆလင် ၄ ဦးမှာ စစ်တွေမြို့နယ်၊ လက်မချေကျေးရွာ MV. ဦးမမောတ်ကျာ၊ ဦးဒိမမောတ်၊ ဦးအောင်အောင်နှင့် ဦး ကျော်လှ တို့ဖြစ်ကြသည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သူ ဦးကျော်လှက “၂၃ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ စစ်သားတစ်ယောက်က ဖုန်းဆက်ပြီး  လူကြီးနဲ့ လာတွေ့လို့ ရမှာလားဆိုပြီးတော့ ကျနော်ကို မေးတယ်။ ၆ နာရီအချိန်လောက်မှာ ကျနော် တပ်ကိုရောက်သွားတယ်။ နာရီခွဲလောက်စစ်ဆေးပြီးတော့ ကျနော်ကို လွှတ်လိုက်တယ်”ဟု ပြောသည်။

၎င်းကို ပြန်လွှတ်လိုက်ပြီးနောက် ၇ နာရီအချိန်ခန့်တွင် တဖန် ဖုန်းဆက်ခေါ်ပြီး အခြားသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု သူကဆက်ပြောသည်။

“နောက်ပြီးတော့ ၈ နာရီလောက်မှာ ကျနော်ကို နောက်တစ်ခေါက်ဖုန်းဆက်ခေါ်တယ်။ အခန်းထဲမှာ နေပြီးတော့ ကျနော်နဲ့ အောင်အောင်ကို သွင်းထားလိုက်တယ်။ အောင်အောင်ကိုလည်း သူတို့ ဖုန်းဆက်ခေါ်ထားတာ။ မော်လဘီတစ်ယောက်နဲ့ နောက်တစ်ယောက်ကိုလည်း ၉ နာရီကျော်လောက်မှာ ဖမ်းယူခဲ့တယ်”ဟု ပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးပြီးနောက် ၂၅ ရက်နေ့တွင်  ဗလီဆရာ M.V ဦးမာမေတ်ကျာနှင့် ဦးဒိမာမောက်ကို လွှတ်ပေးခဲ့ပြီး ၂၆ ရက်နေ့တွင် ဦးအောင်အောင်ကို လွှတ်ပေးခဲ့သည်ဟု သူကဆက်ပြောသည်။

၄င်းအား ၂၆ ရက်နေ့ ညည့် ၁၁ နာရီအချိန်ခန့်တွင် အမှတ် ၁ ရဲစခန်းအား ပို့ဆောင်ခဲ့ပြီး ရဲစခန်းသို့ ပို့ဆောင်ရာတွင် သူနှင့်အတူ ရခိုင်နှစ်ဦးလည်း ပါသည်ဟု သူကဆက်ပြောသည်။

“ကျနော်ကို ကားပေါ်ကို တင်တဲ့အချိန်မှာ မျက်လုံးကို အဝတ်တွေနဲ့စည်းထားတယ်။ လက်နှစ်ချောင်းကို နောက်ပြန်ကြိုးချည်ထားတယ်။ အမှတ် ၁ စခန်းကို ပိုဖို့အတွက် ကျနော်ကို ကားပေါ်ကို တင်တဲ့အချိန်မှာ ရခိုင်သား နှစ်ယောက်လည်းပါတယ်။ သူတို့ နှစ်ယောက်ကို ဘယ်နေရာက ဖမ်းဆီးခေါ်လာတယ်ဆိုတာကိုတော့ ကျနော်မသိဘူး” ဟု ပြောသည်။

ထို့သို့ခေါ်ဆောင်သွားပြီးနောက် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဦးကျော်လှအား အမှတ် ၁ ရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ မွတ်ဆလင်များအား ရဲစခန်းသို့ မပို့မီ စစ်ဆေးရန်ခေါ်ဆောင်သည့် တပ်ရင်းမှာ အမှတ် (၄) ဆက်သွယ်ရေးတပ်ရင်းဖြစ်သည်ဟု ဦးကျော်လှက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် (၂၀) ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၁ ) ရက်နေ့က မြောက်ဦးမြို့မှ (စရဖ) တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၂) ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် (၂၃) ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များမှ အရပ်သား ၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံထားရသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/553869143086261

Leave a Reply

Your email address will not be published.