By Narinjara / 2022 June 28
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံလိုက်ရသူများအနက် ၃ ဦးလွတ်မြောက်လာကြပြီဟု သိရသည်။
လွတ်မြောက်လာသူများမှာ စစ်တွေမြို့နယ် ကြွီတဲရွာမှ ပြင်ပကျောင်းဆရာ ဦးညီညီထွန်း(၃၇ နှစ်)၊ စစ်တွေမြို့နယ် ကြွီတဲပိုက်ဆိပ်ကြီးမှ ရေလုပ်သား ဦးမြင့်စိုး (၃၆ နှစ်)နှင့် စစ်တွေမြို့နယ် လက်မချေကျေးရွာမှ ရွာတာဝန်ခံ ကိုဆော်လိမ်(ခ)မောင်ကျော်လှ(၃၁ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယမန်နေ့ ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့မရဲစခန်းမှတဆင့် လွတ်မြောက်လာကြခြင်းဖြစ်သည်ဟု လွတ်မြောက်ရာတွင်ပါဝင်သည့် ကိုဆော်လိမ်(ခ)မောင်ကျော်လှ နိရဥ္စရာကိုပြောသည်။
“ကျနော့်ကိုတော့ ၂၆ ရက်နေ့ည ၁၁ နာရီလောက်မှာ စစ်ကားတစ်စီးနဲ့ မြို့မစခန်းကိုခေါ်လာပြီးတော့ မနေ့က မနက်မှာ လွှတ်ပေးလိုက်တာ။ ကျနော်နဲ့အတူလွတ်တဲ့အထဲမှာ ကျောင်းဆရာတစ်ယောက်ပါတယ်။ ပြီးတော့ ပိုက်ချတဲ့တစ်ယောက်ပါတယ်”ဟု ပြောသည်။
ကိုဆော်လိမ်(ခ)မောင်ကျော်လှသည် ဇွန်လ ၂၃ ရက်ညတွင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်မချေကျေးရွာအနီးရှိ ဆက်သွယ်ရေးအမှတ်(၄)တပ်ရင်းထဲတွင် ဇွန်လ ၂၆ ရက် ညအထိ စစ်ဆေးခံခဲ့ရသည်ဟု ဆိုသည်။
“AA နဲ့ အဆက်အသွယ်ဘာရှိလဲ။ AA က လာပြီးတော့ လက်မချေရွာမှာ လူတွေခန့်ထားလား။ အဲလိုမေးပါတယ်။ AA ကို တစ်လမှာ ငွေဘယ်လောက်ပေးလဲ။ တစ်အိမ်ကို ဘယ်လောက်ကောက်လဲ။ အဲဒါတွေကိုမေးပါတယ်။ ကျနော်တို့က လုံးဝမပေးရဘူး။ အဆက်အစပ်လည်း မရှိဘူးလို့ ဖြေလိုက်တယ််”ဟု ပြောသည်။
စစ်တွေတွင် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံလိုက်ရသူ ၂၁ ဦးရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၂၆ ရက်ညတွင် ထုတ်ပြန်ထားသည်။
ယခုလွတ်မြောက်လာသူ ၃ ဦးမှာ ထို ၂၁ ဦးထဲတွင်ပါဝင်သူများဖြစ်သည်။
သို့ရာတွင် စစ်တွေဓညဝတီရပ်ကွက်မှ သက်ကြီးပိုင်း ၃ ဦးဖြစ်သည့် ဦးမောင်အေး (၅၂ နှစ်)၊ ဦးအောင်လှစိန်(၆၃ နှစ်)နှင့် ဦးသိန်းရွှေ (အသက် ၄၂ နှစ်)တို့ ၃ ဦးသည် ဇွန်လ ၂၄ ရက်ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော်လည်း သူတို့ ၃ ဦးအမည်သည် AA ၏ထုတ်ပြန်ချက်ထဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။
လက်ရှိတွင် ထိုသက်ကြီးပိုင်း ၃ ဦးသည် စစ်တွေရှိ စစ်စခန်းတစ်ခုတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5593080820703949