စစ်တွေက အရပ်သား ၂ ဦးကို မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ် ၁ လချမှတ်ခံရ

By Western News/ 2022 June 30

ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသည့် သက်ကြီးပိုင်း အမျိုးသား ၃ ဦးထဲမှ ၂ ဦးကို မှောင်ရိပ်ခှိုမှု ၆၁ (ဂ) ဖြင့် မြို့နယ်တရားရုံးထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ၁ လ ချမှတ်ခံရသူများမှာ ဦးရွှေထွန်းဖြူ၏သား ဦးမောင်အေး အသက် ၅၃ နှစ်နှင့် အဘဦးလှထွန်းဦး၏သား ဦးလှသိန်းအောင် အသက် ၄၆ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ကို ယနေ့ ဇွန် ၃၀ ရက် စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ ချမှတ်လိုက်သည်။

လက်ရှိအချိန်တွင် သူတို့ ၂ ဦးအား တရားရုံးမှ စစ်တွေ အကျဉ်းထောင်သို့ ယူဆောင်သွားကြပြီဖြစ်ကြောင်း ဦးမောင်အေး၏ မိသားစုများက ပြောသည်။

“ထောင်ချုပ်ကို ယူသွားကြပြီလို့ တရားသူကြီးက ပြောပါတယ်။ ကျမတို့က တရားစီရင်ပြီးမှ ရောက်လာကြတာပါ” ဟုပြောသည်။

ဦးလှသိန်းအောင်၏ မိသားစုကမူ လက်ရှိအချိန်ထိ မည်သည့်သတင်း အကြောင်းအရာကိုမှ မသိရှိသေးကြောင်း ပြောသည်။ သူတို့ ၂ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဘဦးမွီးသာအောင်၏သား ဦးအောင်လှစိန် အသက် ၆၄ နှစ်ကို မူ ယနေ့အချိန် အဆက်အသွယ်မရရှိသေးပေ။

၎င်းတို့သည် ဇွန်လ ၂၄ ရက်နေ့ည ၇ ခန့်က နေအိမ်မှ ထွက်သွားကြပြီးနောက် မိသားစုများနှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်းဖြစ်သည်။

Western News သတင်းဌာန၏ သတင်းစုံစမ်းချက်အရ ၎င်းတို့ကို စစ်တွေမြို့ စရဖရုံးတွင် ဖမ်းဆီးထားရှိကြောင်း ဇွန်လ ၂၈ ရက်နေ့က သတင်းရေးသားဖော်ပြခဲ့သည်။ စစ်ကောင်စီသည် စစ်တွေမြို့မှ ၂၅ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်တော်၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/westernnewsagency/posts/553832416423267

Leave a Reply

Your email address will not be published.