By Voice Of Westland (VOW)/ 2022 June 27

မြန်မာစစ်တပ်က ရေကြောင်းလိုင်းတွေကို ပိတ်ပင်လိုက်တဲ့အတွက် ခရီးသွားဧည့်သည်တွေနဲ့ တခြားမြို့နယ်တွေကလာတဲ့ စက်လှေသမားနဲ့ ဘုတ်သမားတွေဟာ စစ်တွေမြို့မှာ သောင်တင်နေကြတယ်လို့ လှေသမားတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်တွေမြို့ မှာရှိတဲ့ ၃၅၄ တပ်ရင်းက ဗိုလ်ကြီး အဆင့်ရှိသူတစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့ကစပြီး စစ်တွေကနေ တခြားမြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေအားလုံးကို စစ်တပ်က ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အခုလို ရေကြောင်းလိုင်းတွေကို ပိတ်ပင်လိုက်တဲ့အတွက် ခရီးသွားတွေနဲ့တခြားမြို့နယ်က လာရောက်တဲ့ စက်လှေသမား ဘုတ်သမားတွေနဲ့ ခရီးသွားဧည့်သည်တွေလည်း စစ်တွေမြို့မှာ သောင်တင်နေကြရတယ်လို့ စစ်တွေမြို့ကို အခြေပြုပြီး ရခိုင်ကမြို့နယ်အများအပြားကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်အြမန်ရေယာဉ််က မန်နေဂျာ ဦးစံမော်သိန်းက VOW ကို ပြောပါတယ်။
“လုပ်ငန်း ရပ်လိုက်ရတော့ ကျနော်တို့မှာလည်း အခက်အခဲရှိတယ်။ခရီးသည်တွေမှာလည်း အခက်အခဲရှိကြတယ်။ ဒီလုပ်ငန်းကို မှီခိုပြီး စားနေတဲ့ သူတွေမှာလည်း အခက်အခဲရှိတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာ တောင်ကုတ်နဲ့ မာန်အောင်ကိုပြေဆွဲနေတဲ့ ရေလိုင်းတစ်ခုတည်းသာ ပြေးဆွဲနေပြီး ကျန်တဲ့ မြို့နယ်တွေကို ပြေးဆွဲမှုတွေအားလုံး ရပ်နား ထားရတယ်လို့ ဦးစံမော်သိန်းက ပြောပါတယ်။
ဒီရေလမ်းကြောင်းတွေကို ဘယ်အချိန်ထိ ရပ်နားထားရမယ်ဆိုတာကို မသိရသေးဘူးလို့လည်း ပြောဆိုသွားပါတယ်။