စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးနေ၍ ကျောက်တော်၊ မြောက်ဦး စာသင်ကျောင်းများတွင် ကျောင်းတက်ရောက်သူ နည်းပါး

By Western News/ 2022 June 23

စစ်တွေ အထက (၂)တွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသားများအား တွေ့ရစဉ်
ဓာတ်ပုံ-AFP

စစ်ကောင်စီတပ်က ဒေသခံမျာအား ဖမ်းဆီးစစ်ဆေးမှုများရှိနေသည့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့အတွင် အခြေခံပညာစာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားနေသော်လည်း ကျောင်းတက်ရောက်သူ အနည်းငယ်သာ ရှိသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ စစ်ကောင်စီတပ်မှ  မြို့တွင်းသို့  ဝင်‌ရောက်ကာ စစ်ဆေးဖမ်းဆီးမှုများရှိနေပြီး ယနေ့ ဇွန်လ ၂၃ ရက်နေ့  မနက်ပိုင်းတွင်လည်း စစ်တပ်အင်းအား ၆၀ ဝန်းကျင်က နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများရှိနေ၍ ကျောင်းသားမိဘများမှာလည်းစိုးရိမ်မှုများ မြင့်တက်နေသည်။

ကျောက်တော်မြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက”ကျွန်တော်တို့ဆီမှာကျောင်းတွေ ဖွင့်လှစ်ထားပေမယ့် ကျောင်းသားအများစုကတော့ ကျောင်းမတက်ကြဘူး။ အိမ်တွေကို စစ်တပ်က လာရောက်စစ်ဆေးနေတော့ ကလေးတွေကို ကျောင်းသွားပို့ဖို့ မိဘတွေက စိတ်မချကြတော့ဘူး။ ကျွန်တော်သားသမီးတွေကိုလေ့ ကျောင်းမပို့ဘူး။ တစ်စုံတစ်ခုဖြစ်ပြီဆို ကလေးတွေကို ကျောင်းကနေ သွားခေါ်ယူရတာ မလွယ်ကူဘူး။ ကျောင်းဆရာ၊ ဆရာမတွေရဲ့ သားသမီးအများစုပဲ ကျောင်းတက်နေတာတွေ့ရတယ်” ဟုပြောသည်။

စစ်ကောင်စီမှ မြို့အတွင် အရပ်သားများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းတို့ ရှိနေ၍ ကျောင်းသားမိဘများအနေနှင့် စိုးရိမ်ကြောင့်ကြစိတ်များကြောင့် မိမိတို့ကလေးများအား ကျောင်းသို့ မပို့တာ ၅ ရက်နီးပါးရှိနေပြီ ဖြစ်သည်။

မြောက်ဦးမြို့မှာ အခြေခံပညာစာသင်ကျောင်းများကို ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ သုံးပုံနှစ်ပုံ နီးပါးသာ ကျောင်းတက်နေတာ တွေ့ရသည်ဟု မြောက်ဦးဒေသခံတစ်ဦးမှ ပြောသည်။

“လက်ရှိမြောက်ဦးမှာတော့ ကျောင်းတွေ ပုံမှန်ဖွင့်လှစ်ထားပေမယ့် ကျောင်းတွေမှာ ကျောင်းသားတွေ အရောက်နည်းတယ်။ ကျောင်းသားဦးရေရဲ့၃ ပုံ ၂ ပုံလောက်တော့ တက်ကြတာတွေ့တယ်။ မြို့ထဲမှာတော့ ပုံမှန်အတိုင်း သွားလာနေကြတာတွေရှိပေမယ့် စစ်ကောင်စီက ဘယ်အချိန်မှာ ဝင်ရောက်စစ်ဆေးမလဲဆိုပြီး ဒေသခံပြည်သူတွေမှာ စိုးရိမ်မှုတွေရှိနေကြတယ်”ဟုပြောသည်။

ကျောက်တော်မြို့တွင် ဇွန်လ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အေအေက ဖမ်းဆီးသွားတာကြောင့် စစ်ကောင်စီက ဦးဇော်ဝင်းအပါဝင် မြို့ခံ ၃၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ ဇွန်လ (၂၂)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးထားသူတစ်ချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းအားပြန်မလွတ်သေးဘဲ လက်ရှိအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ဇွန် ၂၁ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်တွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။ ယင်းနောက် ဇွန်လ (၂၂) ရက်နေ့က စစ်ကောင်စီတပ်က ကျောင်းသား ၃ ဦးအပါအဝင် ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့သည်။

ကျောက်တော်မြို့တွင်  ကျောင်းအားလုံးကို ဖွင့်လှစ်ထားပြီး ကျောင်းတက်နေကြသည်ဟု ကျောက်တော်မြို့နယ်ပညာ‌ရေးမှူး ဦးသိန်းမြိုင် က Western News ကိုပြောသည်။

“ကျောင်းအားလုံးကို ဖွင့်လှစ်ထားပါတယ်။ ကျောင်းသားတွေကတော့ တက်တော့ တက်နေကြပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ် တွင် ဇွန်လ အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးအထိ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့နယ်တို့တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ဆေးမှုများရှိနေသည်ဟု ဒေသခံများကပြောကြသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၁၀၀ နီးပါးခန့်အား ဖမ်းဆီးခဲ့ပြီး တစ်ချို့သာ ပြန်လည်လွတ်မြောက်သေးသည်။

https://www.facebook.com/westernnewsagency/posts/549035203569655

Leave a Reply

Your email address will not be published.