စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ရေကြောင်းကုန်းကြောင်း ခရီးစဥ်များ စျေးနှုန်း ၂၅ ရာခိုင်းနှုန်းကျော်ထိမြင့်တက်လာ

By Western News/ 2022 June 07

စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေကြသည့် ကုန်းလမ်းကြောင်း ရေကြောင်းခရီးစဉ်စျေးနှုန်းများ ယခင်ထက် ၂၅ ရာခိုင်နှုန်းကျော် တိုးမြင့်လာနေသည်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခြင်းနှင့် ဆီရှားပါးမှုများ ကြုံလာရမှုကြောင့် ယခင်ပြေးဆွဲနေသည့် စျေးနှုန်းများထက် ၂၅ ရာခိုင်နှုန်း တိုးမြင့် ကောက်ခံနေရသည်ဟု ရွှေပြည်တန် ရေကြောင်းပို့ဆောင်ရေး မန်နေဂျာ ဦးစံမော်သိန်းက Western News ကိုပြောသည်။

“စျေးနှုန်းတွေကတော့ အများကြီးတင်ဖို့တော့မရှိသေးဘူး။ ဆီစျေးတွေက ကြီးပြီးတော့ ဝယ်လို့တောင် မရတဲ့ အခြေနေတွေဖြစ်နေတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ခရီးစဥ်အားလုံးကို ယခင်စျေးနှုန်းထက် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပြီးကောက်နေရတယ်”ဟုပြောသည်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေမှုကြောင့် ခရီးစဥ်ပြေးဆွဲမှုများအား လျော့ချသင့် မသင့်နှင့် မည်သို့ ပုံစံမျိုးဖြင့်ပြေးဆွဲရန် အစီစဉ်တကျလုပ်ဆောင်နေကြောင်း သူကဆက်ပြောသည်။

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုများရှိသောကြောင့် ယခင်ထက် စျေးနှုန်းများတိုးမြင့် ကောက်ခံနေရပြီး ခရီးသည် နည်းပါးသည့်ခရီးစဉ်များတွင် ခရီးစရိတ်မကိုက်သည့် အထိအခြေနေတွေရှိသည်ဟု ရွှေလမင်းခရီးသည်ပို့ဆောင်ရေးအဝေးပြေးကား စစ်တွေဂိတ်တာဝန်ခံ ကိုညီညီလွှင်က ​Western News ကိုပြောသည်။

“စက်သုံးဆီး စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် ခရီးသယ်တင်ဆောင်ခတွေ အရင်ထက် ၅၀ ရာခိုင်နှုန်းနီးပါးလောက် တိုးကောက်နေကြရတယ်။ အရင် စစ်တွေ-မန္တလေး ကို ခရီးသယ် တစ်ဦးကို ၂၅၀၀၀ ကျပ်ကနေ အခု ၃၅၀၀၀ ကျပ်လောက်အထိ တိုးကောက်နေရတယ်။ အခက်ခဲကတော့ အနည်းအများတော့ ရှိတယ်။ ခရီးသည်နည်းတဲ့ အခါတွေဆိုရင် ပိုင်ရှင်တွေအတွက်လည်း မကိုက်ဘူးပေါ့”ဟုပြောသည်။

ယခုလို ခရီသယ်တင်ဆောင်ခတွေ စျေးတက်လာခြင်းက ခရီးသယ်များအတွက် အခက်အခဲများ ဖြစ်စေပြီး ခရီးစဥ်များကို တက်နိုင်သလောက် လျော့ချပြီး သွားလာနေကြရသည်ဟု မင်းပြားမြို့ခံတစ်ဦးဖြစ်သည့် ကိုအောင်မြင့်က ပြောသည်။

“ခရီးစရိတ်တွေက ၂ဆနီးပါးလောက် အထိတက်လာတော့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးပေါ့။ စက်သုံးဆီတွေ စျေးတက်လို့ တိုးမြှင့်ကောက်ကြရတာကို တော့နားလည်ပါတယ်။ ဒါပဲမယ့် အရင်က ၁၀၀၀၀ ကျပ်လောက်နဲ့ သွားလို့ရတဲ့ ခရီးစဥ်တွေက အခု ၁၅၀၀၀ ကျပ်လောက်အထိ မြင့်တက်သွားတော့ အဆင်မပြေဘူးပေါ့။ ခရီးစဥ်တွေကို တက်နိုင်သလောက်လျော့ချနေရတယ်။ ဝင်ငွေတွေက တိုးမလာဘူး။ ငွေကြေးဖောင်းပွမှုကသာ မြင့်တက်လာတယ်”ဟုပြောသည်။

စက်သုံးဆီးစျေးနှုန်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဒီဇယ်၊ ဓာတ်ဆီ တစ်ပေပါလျှင် သုံးသိန်းဝန်းကျင်ကနေ့ ယခုနှစ် ၂၀၂၂ ခုနှစ်မှာ ခြောက်သိန်းဝန်းကျင်အထိ မြင့်တက်သွားသည်ဟု စက်သုံးဆီ ရောင်းချသူများကပြောသည်။

https://www.facebook.com/westernnewsagency/posts/538517161288126

Leave a Reply

Your email address will not be published.