စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့် ရခိုင်မှ ရေလုပ်သားတချို့ ရေလုပ်ငန်းအား စွန့်ခွာမှုရှိလာနေ

By Western News/ 2022 June 08

စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့် ရခိုင်ပြည်နယ်မှ ရေလုပ်သားတချို့လည်း ရေလုပ်ငန်းအား စွန့်ခွာမှုများရှိလာနေကြောင်း သိရှိရသည်။

ရေလုပ်ငန်းများကိုအဓိကလုပ်ကိုင်နေသည့် သံတွဲမြိုနယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ မာန်အောင်မြို့နယ်များတွင် ရေလုပ်သားတချို့ယခုကဲ့သို့ စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့် ရေလုပ်ငန်းအား စွန့်ခွါမှုရှိလာနေခြင်းဖြစ်သည်။

ရေလုပ်ငန်းလုပ်သူနေများအနေဖြင့် ဆီစျေးမြင့်တက်မှုကြောင့် အဆင်မပြေမှုများရှိနေသော်လည်း အဆိုပါလုပ်ငန်းအတွက် ရင်းနှီးပြီးသားဖြစ်သည့်အတွက် လုပ်ကိုင်နေရခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ကိုမောင်စောမြင့်က ပြောသည်။

“အဓိကပြဿနာက ဆီစျေးတက်နေတဲ့ ပြဿနာ။ အဆင်မပြေပေမယ့် ဒီအလုပ်ကို ရင်းနှီးထားတော့ မလုပ်မဖြစ်လို့ လုပ်နေကြရတာ။ အရှုံးပေါ်တဲ့သူတွေလည်းရှိမယ်” ဟု ပြောသည်။

သဲခုံကျေးရွာသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးရွာတစ်ရွာဖြစ်ပြီး ဆီစျေးနှုန်းမြင့်တက်မှုကြောင့် ရေလုပ်ငန်းကို စွန့်ခွာသူ ၈၀ ရာခိုင်နှုန်းခန့်ရှိကာ ကျေးရွာသားများမှာ ကချင်၊ နိုင်ငံခြားစသော ဒေသများကို ထွက်ခွာသွားကြသည်ဟု သူကဆက်ပြောသည်။

ယခုမိုးတွင်းကာလသည် ဝိုင်းပိုက်ရာသီဖြစ်ပြီး ဝိုင်းပိုက်တစ်ဖောင်တွင် အလုပ်သမား ၃၀ ခန့် လိုအပ်ကြောင်း လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်သူများက ပြောဆိုသည်။

မီးသီးများသော ဝိုင်းပိုက်တစ်ဖောင်တွင် တစ်လလျှင် ဒီဇယ်ဆီ ပီပါ (၁၀) လုံးအထိ ကုန်သည့်အတွက် စားစရိတ်ထက် ဆီစရိတ်မှာ ပိုမိုအခက်အခဲဖြစ်သည်ဟု သူက ရှင်းပြသည်။

“ရိက္ခာအတွက်ကျတော့ အဲလောက်မကုန်ဘူး။ ဆီစျေးက ဒီဇယ် ၁ ဂါလံကို တစ်သောင်းကျော်ပေးပြီး ဝယ်နေရတော့ ဆီစျေးက အင်မတန်စျေးကြီးတယ်”ဟုပြောသည်။

ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာသည်လည်း ရေလုပ်ငန်းကို အားထားလုပ်ကိုင်ရသော ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါကျေးရွာတွင်လည်း လက်ရှိရေလုပ်ငန်းကိုလုပ်ကိုင်သူဦးရေ (၁၀) ကျော်ခန့်ရှိကာ စွန့်ခွာသွားသူများလည်း ရှိသည်ဟု ပြိုင်းတောင်ကျေးရွာမှ ဦးသိန်းကျော်က ပြောသည်။

“ရပ်နားထားတဲ့သူတွေတော့ မရှိဘူး။ ဆီစျေးတွေ မြင့်တက်နေတဲ့အတွက် သူတို့က စျေးတွေကို လျော့ပြီးတော့ စက်လှေတွေ၊ ပိုက်တွေကို ရောင်းချသွားတဲ့ သူတွေရှိတယ်” ဟုပြောသည်။

မိုးနှောင်းကာလဖြစ်သည့် သြဂုတ်လမှစတင်ကာ ငါးအခြောက်လှမ်းရန် ငါးဖမ်းသူများအနေဖြင့်လည်း ဆီစျေးမြင့်တက်မှုကြောင့် ယခုနှစ်တွင် ဆက်လက်လုပ်ကိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေသည်ဟု ရေလုပ်သားများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်မှထွက်သော ရွှံ့ကဏန်းနှင့် ကျောက်ပုဇွန်များတွင်လည်း White Sport Syndrome Virus (WSSV)ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကြောင့် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကတည်းက ပြည်ပတင်ပို့မှုကို ရပ်နားထားလိုက်ရသည်။

ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို အဓိက အားထားပြီး လုပ်ကိုင်စားသောက်နေကြသော ဒေသတစ်ခုဖြစ်သည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာစျေး၊ စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်မားလာမှုကြောင့် ရခိုင်ပြည်နယ်မှ လယ်သမားတချို့လည်း လယ်ယာလုပ်ငန်းအား  စွန့်ခွာမှုများရှိလာနေသည်ဟု တောင်သူလယ်သမားသမဂ္ဂအဖွဲ့အစည်းများမှတဆင့် သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နှစ်ဦးပိုင်းက စက်သုံးဆီဈေးနှုန်းများမှာ ၃ သိန်းဝန်းကျင်အထိသာရှိနေခဲ့ရာကနေ လက်ရှိစက်သုံးဆီဈေးနှုန်းများမှာ ပရီမီယမ်ဒီဇယ် ၁ပီပါလျှင် (၆) သိန်းကျပ်ခန့် (၁ပီပါ ၄လီတာပါ ဂါလံပေါင်း ၅၂ဂါလံ) ရိုးရိုးဒီဇယ် ၁ပီပါလျှင် ငါးသိန်းခွဲကျပ်နှင့် အကောင်းစား ဓါတ်ဆီ (95) ၁ပီပါလျှင် ငါးသိန်းရှစ်သောင်းကျကျပ်၊ရိုးရိုးဓါတ်ဆီ (92)၁ပီပါလျှင် ငါးသိန်းခွဲကျပ်၊ အင်ဂျင်ဝိုင် ၁ဂါလံ ၁၂၀၀၀ ကျပ်အထိ ကာလပေါက်ဈေးရှိနေသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာငွေတန်ဖိုးကျဆင်းကာ ဒေါ်လာဈေးတန်ဖိုး မြင့်တက်နေ၍ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာနေခြင်းဖြစ်သည်ဟု ရောင်းချသူများကပြောသည်။

ယနေ့ အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၁၈၅၉. ၁၆ကျပ်ရှိနေပြီး ပြန်ပပေါက်ဈေးမှာ ၁ဒေါ်လာကို ၂၁၀၀ကျပ်ဝန်းကျင်တွင်ရှိနေသည်။

https://www.facebook.com/westernnewsagency/posts/539083067898202

Leave a Reply

Your email address will not be published.