စက်သုံးဆီစျေးတက်လို့ ရခိုင်ရှိငါးဖမ်းစက်တပ်လှေသမားတွေ စားဝတ်နေရေးခက်ခဲနေ

By Boder News Agency (BNA) / 2022 June 09

(ဓာတ်ပုံ-ကုလားတန်မြစ်အတွင်း ရပ်နားထားတဲ့ စက်တပ်ငါးဖမ်းလှေတစ်စီး/BNA)

ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်၊ပင်လယ်ပြင်ကိုမှီခိုလုပ်ကိုင်စားသောက်နေကြရတဲ့ ငါးဖမ်းစက်​တပ်လှေသမားတွေဟာ စက်သုံးသုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာမို့ ငါးဖမ်းထွက်ရပ်ရတဲ့အထိကြုံနေရသူတွေရှိနေပြီး ဝင်ငွေမလုံလောက်တဲ့အတွက် မိသားစုစားဝတ်နေရေးအခက်အခဲနေကြတယ်လို့ ငါးဖမ်းသမားတွေက ပြောပါတယ်။

”ကျနော်တို့ ငါးဖမ်းလှေသမားတွေအနေနဲ့ပင်လယ်ပြင်သို့မထွက်ရတဲ့နေ့တွေဆိုရင် သားသမီးတွေအ တွက် မုန့်လေးတစ်လုံးတောင်အခက်အခဲတွေဖြစ်ပါတယ်။အခုမိုးရာသီလည်း ဖြစ်တော့ စားဝတ်နေရေးက လုံးဝအဆင်မပြေဘူး။”လို့ ပေါက်တောမြို့နယ်၊ကျောက်မောင်းကျေးရွာက ငါးဖမ်းလှေသမားတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်သန်းက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာမို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ငါးဖမ်းလှေသ မားတွေအနေနဲ့ ဝင်ငွေမလုံလောက်မှုတွေအပြင် စား သုံးကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကလည်း မိသားစုစားဝတ်နေရေးကို ပိုမိုထိခိုက်စေတယ်လို့ ဆိုကြပါတယ်။

“ဆီဈေးမတက်ခင်ကဆိုရင် ကိုယ့်လှေနဲ့ကိုထွက်ကြတယ်။အခုဆိုရင် လှေသေးသေးလေးတွေမှာ ငါးဖမ်းသမား ၃၊၄ ယောက်လောက်စုပြီးတော့ ထွက်ကြရတယ်။အဲဒီအခါကျတော့ ပင်လယ်ပြင်မှာ လှိုင်းဒဏ်၊လေဒဏ်ကိုလည်း ကြောက်ရသေးတယ်။”လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြတဲ့သူတွေရဲ့ မိသားစုစားဝတ်နေရေးတွေအဆင်ပြေဖို့ စက်သုံးဆီဈေးနှုန်းတွေ သက်သာဖို့လိုတယ်လို့လည်း ပေါက် တောမြို့နယ်၊သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

“ဆီဈေးတက်ပေမယ့်လည်း လှေထွက်ကြရတာပါပဲ။အငတ်ခံနိုင်ကြတာမဟုတ်ဘူးလေ။အရင်တုန်းက ငါးဖမ်းထွက်လို့ တစ်သောင်းကျန်ရင် အခုငါးထော င်လောက်ပဲ ကျန်မလားဆိုပြီး သွားနေကြတာပါပဲ။” လို့ သူက ဆိုပါတယ်။

ပေါက်တောမြို့နယ်၊သဲခုံကျေးရွာဟာ ဘင်္ဂလားပင် လယ်အော်ကမ်းစပ်အနီးကျွန်းလေးပေါ်မှာတည်ရှိပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို အဓိကမှီခိုလုပ် ကိုင်ပြီးနေကြသူတွေဖြစ်ပါတယ်။

လက်ရှိ ငါးဖမ်းလှေသမားတွေဝယ်ယူအသုံးပြုနေရတဲ့ စက်သုံးဆီးဈေးနှုန်းတစ်လီတာကို ကျပ် (၃၂ ၀၀)နဲ့ ဝယ်ယူအသုံးပြုနေကြရပြီး တစ်ဂါလံကို ကျပ် ၁၂၀၀၀ အထက်ရှိတယ်လို့ ပြောကြပါတယ်။ 

ရခိုင်မှာ ပင်လယ်ပြင်ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ် ငန်းကို ပေါက်တော၊မြေပုံ၊စစ်တွေ၊ကျောက်ဖြူ၊သံတွဲ၊ဂွ၊တောင်ကုတ်၊ရမ်းဗြဲနဲ့မာန်အောင်စတဲ့မြို့နယ်တွေမှာ အဓိကလုပ်ကိုင်နေကြတာလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကကမ်းဝေးငါးဖမ်းစက်လှေတချို့လည်း စက်သုံးဆီဈေး နှုန်းမြင့်တက်မှကြော င့် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမှုရပ်နားထားရတယ်လို့သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ငါးလုပ်ငန်းဦးစီးဌာနကခွင့်ပြုထားတဲ့ ကမ်းဝေးငါးဖမ်းစက်လှေအနည်းဆုံးတစ်ဆယ်ကျော်ရပ်နားထားသလို ရေလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြရတဲ့ ကျေးလက်ဒေသနေ ငါးဖမ်းစက်တပ်လှေသမားတွေလည်း ဆီဈေးမြင့်တက်မှုကြောင့် စားဝတ်နေရေးခက်ခဲလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ဂန့်ဂေါကျေးရွာက ဒေသခံငါးဖမ်းလှေသမားတစ်ဦးက“အခုက ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းတွေအ ဆမတ်ဈေးတက်နေတဲ့အခါ အရင်က ငါးဖမ်းဖို့ ၆ ကြိမ်လောက်သွားနိုင်တာ အခုဆိုရင် ၃ ကြိမ်လောက်ပဲ သွားနိုင်တော့တယ်။”လို့ ပြောပါတယ်။

ရခိုင်မှာ ဒေသခံအများအပြားဟာ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းနေကြတာမို့ စက်သုံးဆီဈေးနှုန်တွေမြင့်တက်လာတဲ့အတွက် လုပ်ငန်းရပ် နားထားရပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေအပြင် ရှိတာတွေအကုန်ရောင်းပြီးနေရ ပ်စွန့်ခွာမှုတွေလည်း အများကြီးရှိနေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရခိုင်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ငါးဖမ်းလှေသမားတွေရဲ့အခြေအနေကို ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းဖို့ ကြိုး စားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်အပါအ ဝင်မြန်မာတစ်နိုင်ငံလုံးမှာပြည်သူလူထုတစ်ရပ်လုံး အထွေထွေအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

https://www.facebook.com/permalink.php?story_fbid=173012345141080&id=107469705028678

Leave a Reply

Your email address will not be published.