ဂွကမ်းခြေတွင် ဝေလငါးသားပေါက် အသေတစ်ကောင် သောင်တင် တွေ့ရှိ

By Narinjara / 2022 June 01

Photo – U San Myat Shwe

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ပုန်းညှက်ကျေးရွာကမ်းခြေတွင် ဝေလငါးသားပေါက် အသေတစ်ကောင် သောင်တင်နေသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါဝေလငါးသားပေါက်အသေကို ပုန်းညှက်ကျေးရွာ ညောင်ပင်ခုန်ကမ်းခြေတွင် ယမန်နေ့ မေလ ၃၁ ရက် ညနေပိုင်း၌တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော မေလ ၃၀ ရက်နေ့က မိုးရွာ၍ လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းစပ်သို့ ဒီရေလှိုင်းနှင့်မျောပါလာခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သည့် ဂွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး ဦးကိုကိုနိုင်က ပြောသည်။

“အဲ့ဒီဝေလငါးသားပေါက်က ဘာကြောင့်သေတာလဲတော့မသိဘူး။ ပြီးခဲ့တဲ့နေ့က မိုးတွေ၊ လေတွေတိုက်တယ်။ ပြီးတော့ လှိုင်းတွေ၊ ရေတွေနဲဲ့ ကမ်းမှာပါးလာပြီး သောင်တင်နေတာပါ”ဟု ပြောသည်။

အဆိုပါဝေလငါးမှာ အလျား ၁၀ ပေ၊ အနံ ၄ ပေကျော်ရှိသည်ဟု လည်း သိရသည်။

အဆိုပါကမ်းခြေတွင် ဝေလငါးအသေများ ယခင်ကလည်း လာရောက်သောင်တင်လေ့ရှိသည်ဟု ပုန်းညှက်ကျေးရွာ ရွာသူတစ်ဦးက ပြောသည်။

“အရင်တုန်းက ငါးသေတွေပါးရင် အကြီးကြီး။ အခုလည်း ငါးသေတစ်ကောင် ပါးတယ်ဆိုလို့ သွားကြည့်တာ အကောင်ပေါက်ကလေးဖြစ်နေတယ်”ဟု ပြောသည်။

ယခုတွေ့ရှိသည့် ဝေလငါးအသေကို ဒီရေနှင့်လွတ်ကင်းသည့် မြေထဲတွင် မြှုပ်နှံခဲ့ကြသည်ဟု သိရသည်။

ရှားပါးငါးမျိုးနွယ်များဖြစ်ကြသည့် ငါးမန်း၊ ဝေလငါး၊ ရေဘဝဲ၊ လိပ်ကျောက်နှင့် လိပ်တို့ကို ဖမ်းမိလျှင် မသတ်ဖြတ်ရန်နှင့် အရှင်ဖမ်းမိလျှင်လည်း ပြန်လွှတ်ပေးရန် ရခိုင်ကမ်းရိုးတမ်းဒေသတွင်ရှိသော ထိန်းသိမ်းရေးအသင်းအဖွဲ့နှင့် ပူးပေါင်းပြီး ဟောပြောပွဲများပြုလုပ်ပေးလျက်ရှိသည်ဟုလည်း ဂွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး ဦးကိုကိုနိုင်က ပြောသည်။

https://www.facebook.com/narinjara.info/posts/5514812275197471

Leave a Reply

Your email address will not be published.