ခမရ (၅၄၀) တပ်ရင်းက ဖမ်းဆီးသွားသည့် အသက်မပြည့်သည့် မွတ်ဆလင် လူငယ် ၂ ဦး ၃ ရက်ကြာသည်တိုင် ပြန်မလွတ်လာသေး

By Western News/ 2022 June 25

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက အသက်မပြည့်သေးသည့် မွတ်ဆလင် လူငယ်နှစ်ဦးကို ၃ ရက်ကြာသိတိုင် လွတ်မြောက်လာခြင်းမရှိသေးဟု ကျေးရွာသားများက ပြောသည်။

ဇွန်လ ၂၂ ရက်နေ့ည ၁၁ နာရီခန့်က မြောက်ဦးအခြေစိုက် ခမရ(၅၄၀)တပ်ရင်းက စစ်သားများက ပေါင်းတုတ်ကျေးရွာက ရာအိမ်မှူး ဦးဆာဒိတ်နှင့် ပေါင်းတုတ်ရွာသစ်က ရာအိမ်မှူး ဦးဒေါယာတို့ကို လာရောက်ရှာဖွေစဥ် ၎င်းတို့မတွေ့၍ ဦးဆာဒိတ် အိမ်တွင် အလုပ်သမား လူငယ်နှစ်ဦးနှင့် ဦးဒေါယာ၏ သားဖြစ်သူကို ကိုဖမ်းဆီးသွားခဲ့သည်ဟု ကျေးရွာသားများကပြောသည်။

ထို့နောက် ဦးဒေါယာ၏ သားဖြစ်သူကို ယင်းနေ့ ညဉ့် ၁ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လွှတ်​ပေးလိုက်သော်လည်း ဦးဆာဒိတ်အိမ်က အလုပ်သမားလူငယ် နှစ်ဦးကို ယနေ့ထိတိုင် လွတ်မြောက်လာခြင်းမရှိသေးဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက Western News ကို ပြောသည်။

“ခမရ(၅၄၀) က စစ်သား ၄၀ လောက်က ကားနှစ်နဲ့ ပေါင်းတုတ်ရွာကြီးက ရာအိမ်မှူးတစ်ဦးနဲ့ ရွာသစ်က ရာအိမ်မှူးတစ်ဦးကို လာရှာကြတယ်။ သူတို့ကို မတွေ့တော့ ရွာကြီးက ရာအိမ်းမှူးအိမ်က အလုပ်သမား အသက် ၁၃နှစ် တစ်ယောက်နဲ့ အသက် ၁၄ နှစ် အရွယ်တစ်ယောက်ကို ဖမ်းသွားပြီး ရွာသစ်က ရာအိမ်မှူးသားကိုဖမ်းသွားတယ်။ ရွာသစ်က ရာအိမ်မှူးသားကိုတော့ အဲဒီည ၁နာရီကျော်လောက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ကျန်နှစ်ယောက်ကတော့ မလွတ်သေးဘူး”ဟုပြောသည်။

စစ်ကောင်စီက လာရှာသည့် ရာအိမ်မှူး နှစ်ဦးမှာ အစိုးရက ခန့်အပ်ထားသည့် ရာအိမ်မှူးများဖြစ်ကြပြီး ယင်းကဲ့သို့ လာရှာပြီးနောက်ပိုင်းတွင် ကျေးရွာသားများမှာ ညအချိန်ဆိုလျှင် စိုးရိမ်စိတ်များနှင့် နေကြရသည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းတို့နှစ်ဦးမှာ ပေါင်းတုတ်ကျေးရွာတွင် ကားဝပ်ရှော့ ပညာကို သင်ယူနေသူသည့် လူငယ်များဖြစ်ပြီး ပေါင်းတုတ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ အဆိုပါ ပေါင်းတုတ်ကျေးရွာတွင် အိမ်ခြေ ၁၂၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ခန့်ရှိကာ ရခိုင်လူမျိုးများနှင့် မွတ်ဆလင် လူမျိုးများရောနှော နေထိုင်ကြသည့်  ကျေးရွာကြီးတစ်ရွာလည်းဖြစ်သည်။

မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) ၃ ဦးကို ရက္ခိုင်တပ်တော် AAက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ကာ မြောက်ဦး ဒေသခံ ၃၀ ကျော်အားဖမ်းဆီးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/550414356765073

Leave a Reply

Your email address will not be published.