By Development Media Group (DMG)/ 2022 June 06

ကျောက်ဖြူမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုထားသော ကမ်းဝေးငါးဖမ်းစက်လှေ ၄၇ စီးရှိသည့်အနက် ၁၆ စီးမှာ ဆီစျေးနှုန်းမြင့်တက်နေသောကြောင့် လုပ်ငန်းမလည်ပတ်နိုင်သေးကြောင်း ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များထံက သိရသည်။
ဧပြီ၊ မေ၊ ဇွန်လ ကို ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဇွန်လမှစ၍ ကမ်းဝေးငါးဖမ်းလှေ ၁၆၀ ရှိသည့်အနက် ၄၇ စီးကို ထွက်ခွင့်ပြုထားသည်ဟု ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆင့်က ပြောသည်။
ကျောက်ဖြူမြို့တွင် ဒီဇယ်တစ်ပေပါကို ငွေ ၅၄၀၀၀၀ ကျပ်အထိရှိနေသောကြောင့် ယခုနှစ် ငါးဖမ်းရာသီများတွင် ငါးဖမ်းနိုင်မည်မဟုတ်ဟု အမည်မဖော်လိုသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ မြို့ခံတစ်ဦးက ပြောသည်။
“ကျနော်တို့ ကုမ္ပဏီမှာ လှေအစီးရေ ၂၀ ရှိတယ်။ ဒီနှစ် တစ်စီးမှ မထွက်နိုင်သေးဘူး။ အခုဆီစျေးက ၅၄၀၀၀၀ ရှိတယ်။ လှေတစ်စီးထွက်မယ်ဆိုရင် တစ်နေ့ ကုန်ကျငွေ ၂၅ သိန်းလောက်ကုန်တယ်။ အရင်တုန်းက လှေတစ်စီးထွက်ရင် အများဆုံး ၁၅ သိန်းလောက်ပဲကုန်တယ်။ အဲဒီတုန်းကတောင် အရှုံးဖက်ကို ဦးတည်နေတာ အခုဆီစျေးနဲ့ဆိုရင် ပိုပြီး အရှုံးဖက်ကို သွားမှာ။ အဲဒါကြောင့် ထွက်ခွင့်ပြုထားပေမဲ့ မထွက်ရဲဘူး” ဟု ၎င်းကဆိုသည်။
စက်လှေတစ်စီးတွင် လုပ်သား ၁၀ ကျော်ပါဝင်ပြီး တစ်နေ့ စက်သုံးဆီ ကုန်ကျနူန်းမှာ ၃ ပေပါထိရှိပြီး ပြီးခဲ့သည့် နှစ်များတွင် ဆီတစ်ပေပါကို သုံးသိန်းပတ်ဝန်ကျင်ရှိခဲ့ရာမှ ယခုနှစ်အတွက် ငါးသိန်းကျော်အထိ တစ်ဟုန်ထိုးမြင့်တက်သွားခြင်းဟု ၎င်းကဆက်လက်ပြောသည်။
ယခုကဲ့သို့ ဆီးစျေးတက်မှုကြောင့် ငါးဖမ်းလုပ်ငန်း အလုပ်မဖြစ်သည့်အတွက် ဒေသခံပြည်သူအများစုမှာ အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းနည်းပါးသွားကြောင်း ကျောက်ဖြူဒေသခံ ကိုသောက်ဆန်းက ဆိုသည်။
“ငါးဖမ်းလှေတွေ တော်တော်များများက ဆီစျေးတက်တော့ လှေတွေက မထွက်ကြတော့ဘူး။ လှေမထွက်တော့ ဒေသခံတွေမှာလည်း အလုပ်အကိုင်က မရှိသလိုဖြစ်သွားတာပေါ့။ လှေပိုင်ရှင်တွေမှာလည်း အမြဲ အရှုံးနဲ့ ရင်ဆိုင်နေရတော့ ပိုပြီး မလုပ်ရဲတော့ဘူးပေါ့” ဟု ကိုသောက်ဆန်းကပြောသည်။
အလားတူ တခြား ကမ်းနီးငါးဖမ်းစက်လှေများမှာလည်း ဆီစျေးနှုန်းမြင့်တက်နေသောကြောင့် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေကြရသည်ဟု ရေလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
https://www.facebook.com/dmgnewsagency/posts/2311245732361158