By Development Media Group (DMG)/ 2022 June 21
ရခိုင်ပြည်၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင် လုပ်ဆောင်လေ့ရှိသော ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ယနေ့(ဇွန်လ ၂၁ ရက်)၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်ခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။
အသက် (၄၂ )အရွယ် ကိုဇော်ဝင်းကို ပြည်တော်သာရပ်ကွက်ရှိ ၎င်းနေအိမ်တွင် ထမင်းစားနေစဥ် ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက DMG ကိုပြောသည်။
“ ဖမ်းသွားတာတော့မှန်ပါတယ်။ အိမ်မှာမိသားစုတွေနဲ့အတူထမင်းနေတဲ့အချိန် သူရဲ့အိမ်ကို စစ်သားတွေဝိုင်းပြီး ဝင်ဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိသေးဘူး။ မြို့ထဲအခြေနေကမကောင်းတော့ သတင်းအသေးစိတ်တွေကို သိရဖို့က အရမ်းကိုခက်ခဲနေပါတယ် ” ဟု ၎င်းကဆိုသည်။
ကိုဇော်ဝင်းသည် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီးလည်း ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတသမားတစ် ဦးလည်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိတွင် ၎င်းကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မသိရသေးဟုလည်းဆိုသည်။
ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ဇွန်လ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာစစ်တပ်က နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်းနှင့်ယခုကဲ့သို့ တက် ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီးခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့်နေ့၊ညဥ့် ၁၂ နာရီအချိန်မှာလည်း ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးဟောင်း ဦးကျော်မောင် (ခေါ်) ဦးညွှန့်မောင်၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်းမှာ ထွက်ပြေးတိမ်းရှောင် နေသောကြောင့် ရှာမတွေ့ခဲ့ပေ။
“ မနေ့ညက ညဉ့် ၁၂ နာရီလောက်မှာ ပြည်တော်သာရပ်ကွက်က အုပ်ချုပ်ရေးမှူးဟောင်းရဲ့ အိမ်ကိုလာပြီး တံခါးတွေကို သေနတ်ဒင်တွေနဲ့ ရိုက်ဝင်ပြီး ဝင်မွှေရှာသွားတာရှိတယ်။ သူ့မိန်းမကိုလည်း သေတ္တာတွေ ဖွင့်ခိုင်းတယ်။ နင့်ယောကျာ်းဘယ်မှာလဲ အခုဖုန်းဆက် ဆိုပြီးခိုင်းတယ်တဲ့။ သူ့ဇနီးကတော့ ဖုန်းပျောက်သွားတာကြာပြီ၊ ဖုန်းမရှိဘူးလို့ပြောလိုက်တယ်လို့သိရတယ်။ ကျနော်တို့ကလည်း သူတို့ဝင်ရောက်ရှာနိုင်တဲ့အခြေနေကို ကြိုသတင်း ကြားထားလို့ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ ဒါကြောင့် မြို့ထဲမှာ ဖြစ်ပျက်နေတာတွေကို သတင်းပဲကြားရတယ်။ အသေးစိတ်တော့ဘာမှမသိရ ဘူး’’ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ယနေ့တွင် မြန်မာစစ်တပ်သည် ကျောက်တော်စိုက်ပျိုးရေး သိပ္ပံကျောင်းရှေ့ ယာဥ်ထိန်းရဲဂိတ်၊ မဟာကံကြီးရှင် ဘုရားအနီးအနား၊ မီးရထားဘူတာအနီးအနားနှင့် မြို့ထဲမှနေရာအချို့တို့တွင် နေရာယူထားကာ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များ၊ ကားများအား စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
https://www.facebook.com/dmgnewsagency/photos/a.466679383484478/2322769187875479/