ကျောက်ဆိပ်ကျေးရွာသားများနှင့် အိုင်ဒင်ကျေးရွာသားများ အမှုအား ထပ်မံရွှေ့ဆိုင်း

By Western News/ 2022 June 30

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ များဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးရွာသားများနှင့် အိုင်ဒင်ကျေးရွာသားအမှုအား ဇွန်လ ၂၉ ရက်နေ့က အပြီးသတ်အမိန့်ချရန် ချိန်းဆိုထားသော်လည်း အမိန့်ချမှတ်ခြင်း မရှိဘဲ ရုံးချိန်းကို ထပ်မံရွေ့ဆိုင်းလိုက်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ယခုလို ရုံးချိန်းများကို ရွေ့ဆိုင်းနေပြီး အပြီးသတ်အမိန့် မချမှတ်ခြင်းက အမှုသည်များအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နစ်နာမှုရှိပြီး တရားရုံး၏ ညွှန့်ကြားချက်နှင့် မကိုက်ညီဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှ့န်မောင်က Western News ကိုပြောသည်။

“မနေ့က ရုံးချိန်းမှာ ကျောက်ဆိပ်ကျေးရွာသားတွေ အမှုရော့ အိုင်ဒင်ကျေးရွာသားတွေအမှုပါ အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဇူလိုင်လ ၆ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ အခုလို့ ရုံးချိန်းတွေကို ရွေ့ဆိုင်းနေတာက အမှုသတွေ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နစ်နာမှုတွေရှိတယ်။ အမိန့်ချဖို့ဟာက ထောင်ချချ ပြန်လွတ်လွတ် အမိန့်တစ်ခုတော့ ချသင့်တယ်ပေါ့။ တရားရုံးရဲ့ ညွန်ကြားချက်မှာက လျှောက်လဲပေးပြီးရင် အမိန့်ချမယ်ဟာကို အချိန်ဆွဲဆန့်ပြီး မထားရဘူး အမြန်ဆုံးအမိန့်ချရမယ်ဆိုပြီး တရားရုံးညွှန်ကြားချက်တွေရှိတယ်။ အခုက တရားရုံးရဲ့ ညွန့်ကြားချက်နဲ့ မကိုက်ဘူးဖြစ်နေတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကတည်းက အိုင်ဒင် ကျေးရွားသား နှစ်ဦးအား အမိချမှတ်ရန် ချိန်းဆိုထားသလို ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ၂၀၂၂ခုနှစ် မေလ ၁၉ ရက်နေ့က အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားကာ တရားရုံးက အကြောင်းအမျိုးမျိုးပြပြီး ရုံးချိန်းများ ရွေ့ဆိုင်နေခြင်းဖြစ်သည်။

အိုင်ဒင်ကျေးရွာသား နှစ်ဦးဖြစ်သည့် ကိုနေလင်းဌေးနှင့် ကိုမျိုးမင်းထွန်းတို့ကို ၂၀၂၀ခုနှစ် မတ်လ ၅ ရက်နေ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဗိုလ်ကြီးအောင်မျိုးမြင့်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၃၃ ဦးအားပြန်လည်လွှတ်ပေးလိုက်ကာ အမှုတွင်ပါဝင်သည့် ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုဌေးဝင်း၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်အမှုဖွင့်ခံရကာ လက်ရှိတွင်တရားရင်နေကြရဆဲဖြစ်သည်။

အဆိုပါ ကျောက်ဆိပ်ကျေးရွာသားများအားဖမ်းဆီးပြီးနောက် စစ်တပ်ရေယာဉ်တစ်ခုပေါ်တွင် ရိုက်နှက် နှိပ်စက်နေသည့် ဗီဒီယိုဖိုင်တစ်ခု ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင်တက်လာပြီး ဝေဖန်မှုများရှိခဲ့သလို စစ်တပ်မှလည်း ၎င်းဗီဒီယိုဖိုင်နှင့်ပတ်သက်ကာ ဝန်ခံခဲ့ပြီး ပါဝင်သူများအား အရေးယူသွားမည်ဟုထုတ်ပြန်ခဲ့သည်။

၎င်းတို ၅ ဦးအာ ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် မေလ ၂၂ ရက်ကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။အဆိုပါ အမှုတွင် လိုပြသက်သေစုစုပေါင်း ၉ ပါဝင်ခဲ့ပြီး ၂နှစ်ကြာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါ ကျောက်ဆိပ်ကျေးရွာအား ပြီးခဲ့ ၂၀၂၀ခုနှစ် ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းလက်နက်ကြီးထဲမှ တစ်ခုတွင် ၁၂၀ မမ MK- II ဟုပါရှိပြီး ကျေးရွာသားများက မြန်မာစစ်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြသော်လည်း စစ်တပ်ဘက်က ယင်းနေ့ညနေက ငြင်းချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီမှ AA နှင့်စပ်ဆက်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ခန့်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

https://www.facebook.com/westernnewsagency/posts/553818519757990

Leave a Reply

Your email address will not be published.