ကုလားတန်စီမံကိန်း၏နောက်ဆုံးအပိုင်းကားလမ်းဖောက်လုပ်မှုတွင်ပါဝင်ရန် မြန်မာလုပ်ငန်းရှင်များကို အိန္ဒိယကုမ္ပဏီဖိတ်ခေါ်

By Narinjara / 2022 June 23

ကုလားတန်စီမံကိန်း၏နောက်ဆုံးအပိုင်းဖြစ်သည့် ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း ကားလမ်းဖောက်လုပ်မှု စီမံကိန်းတွင်ပါ၀င်ရန် အိန္ဒိယကုမ္ပဏီ IRCON International Ltd. က မြန်မာလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း BETV Business ၏ သတင်းအရ သိရသည်။

အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန် ဘက်စုံသုံးစီမံကိန်း၏ နောက်ဆုံးအပိုင်း ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း ဖောက်လုပ်မှုစီမံကိန်းကို များမကြာမီ ဖောက်လုပ်တော့မည်ဟု သိရသည်။

အိန္ဒိယကုမ္ပဏီ IRCON International Ltd. သည်  အိန္ဒိယအစိုးရထံမှ ၎င်းလမ်းဖောက်လုပ်ခွင့် သဘောတူညီချက်စာလွှာ (Letter of Agreement – LoA) ရရှိထားပြီး ၎င်းလမ်းအတွက် အိန္ဒိယငွေကြေး ရူပီ ၁၇၈၀ ကုဋေ အကုန်အကျခံ သုံးစွဲမည်ဟု သိရသည်။

IRCON Intel က ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်းမှာ ရေနုတ်မြောင်း ဖြတ်ကျော်တည်ဆောင်မှုပါဝင်သည့် ရေနံကတ္တရာခင်းလုပ်ငန်းနှင့် ဘူမိနည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုအပါအဝင် ဒီဇိုင်းနှင့်  ပုံဆွဲပြင်ဆင်မှု ဒီဇိုင်းအတိုင်ပင်ခံလုပ်ငန်းအတွက် အရည်အချင်းပြည့်မီသည့်  စီးပွားလုပ်ငန်းရှင်များကို တင်ဒါတင်သွင်းနိုင်သည် ပြောဆိုထားသည်။

ရေနုတ်မြောင်းဖြတ်ကျော် တည်ဆောင်မှုပါဝင်သည့် ရေနံကတ္တရာခင်း လုပ်ငန်းအတွက် အခွန်အလုံးစုံအပါအဝင် တင်ဒါလုပ်ငန်း၏ ကုန်ကျငွေကို ကျပ် ၁၉ ဘီလီယံကျော် ခန့်မှန်းထားပြီး ဒီဇိုင်းအတိုင်ပင်ခံလုပ်ငန်းအတွက် ကျပ် ၁.၆ ဘီလီယံကုန်ကျမည် ခန့်မှန်းထားသည်ဟု သိရသည်။

တင်ဒါကို ယနေ့ (ဇွန် ၂၁ ရက်)မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပုံစံ အရောင်းပိတ်ရက်ကို ဇူလိုင်လ ၃ ရက်နေ့ သတ်မှတ်ထားကာ ဇူလိုင်လ ၄ ရက်နေ့မှာ တင်ဒါနောက်ဆုံးတင်သွင်းကြရန် နိုင်ငံပိုင်သတင်းစာ၌ ကြေညာထားသည်ဟု သိရသည်။

IRCON Intel မှာ အိန္ဒိယအစိုးရကရှယ်ယာ ၇၃.၁၈ ရာခိုင်နှုန်း ထည့်ဝင် ထားပြီး အိန္ဒိယမီးရထားဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

တင်ဒါဖိတ်ခေါ်မှုအတွက် အသေးစိတ်အချက်အလက်များကို Project Head ရုံးတည်ရှိရာ အခန်း(၇၀၂) ၊ လမ်း ၅၀ကွန်ဒိုမီနံယံ၊ ဗိုလ်တစ်ထာင်မြို့နယ်နှင့် ၀၁-၈၃၉၇၉၈၂၊ ၀၉-၈၉၅၀၁၆၇၆၈တို့ကိုစုံစမ်းနိုင်ကြောင်းဖော်ပြထားသည်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အိန္ဒိယဘက်က ၂၀၀၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံကြား တရားဝင် သဘောတူ လက်မှတ်ရေးထိုးခြင်းကိုတော့ ၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့သည်။

https://www.facebook.com/narinjara.info/posts/5577468892265142

Leave a Reply

Your email address will not be published.