VOW- အင်တာဗျူး

By  Voice Of Westland (VOW)/ 2022 May 10

ပြည်နယ်ကောင်စီက ထုတ်ထားတဲ့အမိန့်စာကြောင့် အမ်းမြို့ဒေသခံတွေဟာ နေအိမ် ၁၅၀ ကျော်လောက်ကိုဖြိုဖျက်ပေးခဲ့ရပါတယ်။ နေအိမ်ဖြိုဖျက်ပေးလိုက်ရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အမ်းမြို့က တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကို VOW က မေးမြန်းထားပါတယ်။

VOW – ဟုတ်ကဲ့ပါ ကိုမျိုးလွင်ရေ။ ပြည်နယ်ကောင်စီကထုတ်ထားတဲ့ အမိန့်စာကြောင့် အမ်းမြို့ဒေသခံတွေဟာ ကိုယ့်အိမ်တွေကို ကိုယ်တိုင်ဖြိုဖျက်နေရတယ်လို့ ကြားသိရတယ်။ အဲဒါနဲ့ပတ်သက်လို့ အခုလက်ရှိ အခြေအနေကိုသိရသလောက် ပြောပြပေးပါခင်များ။

ကိုမျိုးလွင် – လက်ရှိအခြေအနေအရ စစ်ကောင်စီကနေပြီးတော့ရဲစခန်းမြေနေရာဟောင်းတွေ၊ လေယာဉ် ကွင်းဧရိယာရဲ့အပြင်ဖက်မှာပေါ့နော် ခြံစည်းရိုးကာထားတဲ့အပြင်ဖက်မှာရှိတဲ့လူတွေကို ရှိနေတဲ့နေအိမ်တွေ၊ ဆိုင်ခန်းတွေပေါ့နော်။ နောက်ပြီးတော့ထွေအုပ်ရုံးဟောင်းမြေနေရာတွေပေါ့။ နောက်တစ်ခုကဆေးရုံမြေနေရာဟောင်းမှာရှိနေတဲ့ အဆောက်အဦးတွေ၊ဆိုင်ခန်းတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီးတော့ဖိအားပေးပြီးတော့ သက်ဆိုင်ရာဌာနတွေကနေပြီးတော့ ဖြိုခိုင်းတယ်လို့သိရတယ်ပေါ့နော်။လက်ရှိအနေအထားအရ တစ်ဝက်နီးပါးလောက်ဖြိုဖျက်ပြီးသွားပြီပေါ့။ သူတို့သတ်မှတ်ထားတာကမေလ၂၁ ရက်နေ့နောက်ဆုံးထားပြီးတော့ဖြိုဖျက်ရမှာပေါ့နော်။ အဲဒီလိုမဖြိုဖျက်ဘူးဆိုရင်သူတို့ကစစ်တပ်တွေ၊ ရဲတွေနဲ့အင်အားသုံးပြီးဖြိုဖျက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေလဲရှိနေတယ်ပေါ့နော်။ အဲဒီလိုရှိနေတဲ့အတွက်ကြောင့်မို့ ဒေသခံတွေကကိုယ့်အိမ်ကိုကိုယ်ဖြိုနေကြတယ်ပေါ့နော်။ ကိုယ့်အိမ်ကိုဖြိုတဲ့အခါမှာ သစ်တွေ၊ ဝါးတွေ၊ အုတ်ခဲတွေ အစခပ်သိမ်းရသလောက်ကိုကောင်းကောင်းမွန်မွန်ရအောင်ဖြိုနေရတဲ့အနေအထားမှာရှိတယ်။ စစ်ကောင်စီဖက်ကဖြိုလာတဲ့အခါမှာ ဘာမှမရဘဲ အင်အားနဲ့ဖြိုလိုက်ကြမှာကိုကြောက်တဲ့အတွက်ကြောင့် ကိုယ့်အိမ်ကိုဖြိုနေကြတယ်ပေါ့နော်။

VOW – တစ်မြို့လုံးအတိုင်းအတာနဲ့ဆို နေအိမ်ဘယ်နှစ်လုံးလောက်ဖြိုဖျက်ပေးလိုက်ရပြီလဲ။

ကိုမျိုးလွင် – တစ်မြို့လုံးအနေအထားအရဆိုရင်အားလုံး အိမ် ၁၅၀ ကျော်လောက်ရှိနေပြီပေါ့နော်။ မြို့ဟောင်းတစ်ခုတည်းမှာကို ၁၀၀ ကျော်လောက်ရှိနေပြီပေါ့။ မြို့ဟောင်းလို့ဆိုတဲ့ခုလက်ရှိလေယာဉ်ကွင်းရပ်ကွက်ပေါ့။ အဲဒီလေယာဉ်ကွင်းရပ်ကွက်မှာ ရဲစခန်းတွေနေရာမှာနေတဲ့လူတွေကလည်း တချို့တချို့စတင်ပြီးဖြိုနေကြပြီပေါ့နော်။ ထွေအုပ်ရုံးမြေနေရာဟောင်းမှာနေတဲ့အဆောက်အဦးတွေနဲ့ ဆေးရုံဟောင်းမြေနေရာဟောင်းမှာနေတဲ့အဆောက်အဦးတွေကတော့ဖြိုပြီးသလောက်ရှိသွားပြီပေါ့နော်။ နောက်တစ်ခုက လေယာဉ်ကွင်းဧရိယာထဲလို့ပြောတယ်ပေါ့သူတို့က။အမှန်ကတော့ခြံစည်းရိုးကာထားတဲ့အပြင်ဘက်မှာအဲဒီခြံစည်းရိုးနဲ့ဝေးတဲ့နေရာပေါ့။ အရင်တုန်းကလေယာဉ်ကွင်းစီမံကိန်းမှာမပါလဲ ခုပါတယ်ဆိုတဲ့သဘောနဲ့အတင်းအားနဲ့ဖယ်ရှားနေတဲ့အနေအထားမှာရှိတယ်။ အဲဒီနေရာမှာမနေ့ကဆိုမနည်းကိုဖြိုဖျက်နေကြပြီ။ လက်ရှိအနေအထားအရဆိုရင်အဆောက်အဦးတွေ၊ နေအိမ်တွေ၊ ဆိုင်ခန်းတွေ အားလုံး ၁၅၀ ကျော်လောက်တော့ဖြိုဖျက်ပြီးသလောက်ဖြစ်သွားပြီပေါ့နော်။

VOW – လက်ရှိမှာ မိုးရာသီလည်း ရောက်လာပြီဆိုတော့ နေအိမ်ဖြိုဖျက်လိုက်ရတဲ့ ဒေသခံတွေရဲ့

အခြေအနေရော ဘယ်လိုရှိနေလဲ။

ကိုမျိုးလွင် –   အဲဒီ နေအိမ် ဖြို​ဖျက်ပေးလိုက်ရတဲ့ လူအများစုကနေစရာမဲ့နေကြတယ်။ မနေ့ကဆိုမိုးရွာတယ်။ မိုးရေထဲမှာမိသားစုလိုက် စွတ်စွတ်စိုစိုနဲ့နေနေရတဲ့အနေအထားမှာရှိတယ်။ အဲဒီလိုအခက်အခဲတွေနဲ့ကြုံနေရတယ်။ ကြောက်လို့တစ်ခုသာဖြိုဖျက်နေရတဲ့အနေအထားမှာရှိတယ်။ နောက်တစ်ခုကသူတို့ဖြိုဖျက်လိုက်လို့သူတို့အတွက်နေစရာ၊ထိုင်စရာတွေအနေချထားတာတော့မရှိဘူး။ စားဝတ်နေရေးလည်း အခက်အခဲရှိနေကြတာတွေ့ရတယ်။ အဲဒါကြောင့်သူတို့တွေကပိုပြီးတော့ဒုက္ခရောက်နိုင်တယ်။ အခုအချိန်ဟာသူတို့ ကိုယ့်ကိုကိုယ်အားကိုးနေရတဲ့အနေအထားမှာဘဲရှိတယ်။ အကူညီပေးနေတဲ့အဖွဲ့စည်းတော့ ခုချိန်ထိတော့မရှိသေးတဲ့အနေအထားမှာရှိတယ်။ အဲဒါကြောင့်ဒုက္ခတော်တော်များများရောက်နေကြတယ်။

ကျွန်တော်သိရသလောက်တော့ သူတို့နေထိုင်ဖို့မြေကွက်တစ်ကွက်တောင် သူတို့အတွက်ခဲယဉ်းတယ်ပေါ့နော်။ နိုင်ငံရေးအကျပ်အတည်းကာလ၊ နောက်ပြီးကိုဗစ်ကာလတွေကြားမှာ နေလာရတဲ့ပြည်သူတွေကအားလုံးအဖက်ဖက်ကကျပ်တည်းမှုဒဏ်ကိုခံနေရတဲ့အချိန်မှာ အခုနေအိမ်ကိုဖြိုရမယ်ဆိုတော့သူတို့ပြန်လည် မြေကွက်ရှိတဲ့လူတွေမှာနေအိမ်ကိုပြန်ဆောက်မယ်ဆိုရင်တောင် ကုန်ကျစရိတ်တွေကမလွယ်တဲ့အနေထားမှာရှိတယ်။ မြေကွက်တွေမရှိတဲ့လူတွေဆို အိုးမဲ့အိမ်မဲ့ဘဝကိုရောက်သွားနိုင်တယ်ပေါ့။

VOW – အခု နေအိမ်ဖြိုဖျက်ပေးလိုက်ရတဲ့ ဒေသခံတွေထဲမှာ မြေနေရာကို ငွေပေးပြီးဝယ်ထားတဲ့ သူတွေလည်းရှိတယ်လို့ ကြားရတယ်။ အဲဒါကရော ဘယ်လိုမျိုးလို့ ပြောလို့ရပါသလဲ။

ကိုမျိုးလွင် – ပထမပိုင်းမှာတော့နေအိမ်တွေ၊ ဆိုင်ခန်းတွေဆောက်ဖို့တွက် သက်ဆိုင်ရာရုံးမြေနေရာဟောင်းတွေရဲ့ဌာနဆိုင်ရာတွေကိုလစာပေးတာတွေရှိတယ်ပေါ့နော်။ နောက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာငွေပေးပြီးတော့အပြီးအပိုင်ဝယ်တဲ့လူတွေလည်းရှိနေတယ်ပေါ့။ လက်ဆင့်ကမ်းအဆင့်ဆင့်ဝယ်တာလည်းရှိတယ်ပေါ့။အများစုကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာအပြီးအပိုင်ဝယ်တဲ့လူတွေကတော့အများအပြားရှိနေတယ်ပေါ့နော်။ အဲဒီလူတွေလည်းဖြိုဖျက်နေရတဲ့အထဲမှာပါတယ်ပေါ့နော်။

VOW – ဒီလို ဖိအားတစ်ခု​ကြောင့် ဒေသခံတွေ ကိုယ့်အိမ်ကိုယ်ဖြိုဖျက်ပေးနေရတဲ့အပေါ် ဘယ်လိုရှုမြင်လဲ။

ကျွန်တော်တို့မြင်ရသလောက်ပထမ ဒီအမ်းမြို့ကို

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လုပ်ဖို့အတွက်လည်း ကျေးရွာတွေပြောင်းရွှေ့လိုက်ရတာတွေ၊ သိမ်းဆည်းမှုတွေအများကြီးလုပ်ခံလိုက်ရတဲ့ အမ်းဒေသခံတွေဖြစ်တယ်။ နောက်တစ်ခုကလေယာဉ်ကွင်းစီမံကိန်းကြောင့် မြို့ကိုပြောင်းလိုက်တဲ့အခါမှာ စိတ်ဒဏ်ရာတွေ၊ ဘဝဒဏ်ရာတွေဖြိုခွဲခံထားရတဲ့မြို့တစ်မြို့လည်းဖြစ်တယ်။

အောက်ရွာနားမှာရှိတဲ့​ရွှေဆိုင်၊ ဆီဆိုင်တွေ၊ နန်းရာကုန်းဘက်တွေ၊ ခမရ(၃၇၁)နားမှာရှိတဲ့အဆောင်တွေဆိုရင်တပ်ပိုင်မြေဆိုပြီးခေါင်းစဉ်တပ်ပြီးဖယ်လိုက်တာရှိတယ်။ အမှန်ကတပ်ပိုင်မြေဆိုပြီး တပ်ခြံစည်းရိုးရဲ့အဝေးမှာအလွတ်ကြီးဖြစ်တဲ့မြေကို

အရင်တုန်းကမသိမ်း၊ ခုသိမ်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြိုလိုက်ရတဲ့အပိုင်းတွေရှိတယ်။နောက်တပိုင်းကလေယာဉ်ကွင်းရပ်ကွက်လို့ဆိုတဲ့ မြို့ဟောင်းကိုလေ အဲဒီနေရာမှာလည်းအရင်ခါဖြိုဖျက်ဖို့မလိုဘူး။ ခုဖြိုဖျက်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးက ပြည်သူတွေလက်ရှိအနေအထားအရ၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူတွေမလိုလားတဲ့အစိုးရတစ်ရပ်အောက်မှာ ပြည်သူကိုမယုံတာလဲဖြစ်ကောင်းဖြစ်နိုင်သလို နောက်ပြီးအစိုးရဖက်ကလည်းပြည်သူကို ပြည်သူလိုသဘောထားမှုတွေ၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်နိုင်လောက်တဲ့မူဝါဒတွေမရှိ၊ စိတ်ပိုင်းဆိုင်ရာလည်းမရှိတဲ့အပေါ်မှာလည်းပြည်သူတွေပြိုကွဲသွားတာကို၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတာကိုလိုလားတဲ့အစိုးရတစ်ရပ်ကြောင့်ခုလိုပြည်သူတွေ အမ်းမြို့မှာအစည်ကားဆုံးနေရာဖြစ်တဲ့မြို့ဟောင်းကို သူတို့ဖြိုခွဲလိုက်တဲ့ပုံစံမျိုးတွေ သူတို့မှာ ပြည်သူတွေအိုးနဲ့အိမ်နဲ့နေတာကိုမလိုလားတဲ့စိတ်ဆန္ဒတွေရှိတာကြောင့်ခုလိုရက်ရက်စက်စက်အိုးမဲ့အိမ်မဲ့ဘဝကိုသွင်းပို့လိုက်တယ်လို့ဘဲကျွန်တော်တို့မြင်တယ်။

VOW – အခုလို ဖြေပေးတဲ့အတွက် ကိုမျိုးလွင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

အင်တာဗျူး အစီအစဉ် ပြီးပါပြီ။

https://www.facebook.com/VOW2ppl/posts/165479252538127

Leave a Reply

Your email address will not be published.