By Western News/ 2022 May 18
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တင်းမာမှုများမြင့်တက်နေသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်၍ ပြည်သူများအနေဖြင့် မြန်မာစစ်တပ်နှင့် ဝေးဝေးနေကြရန် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် AA က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး ရခိုင်ပြည်သူများကို သတိပေးလိုက်သည်။
ယင်းကဲ့သို့ သတိပေးပြီးနောက်တစ်ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်တို့ကြား အွန်လိုင်းမှ တဆင့် ၂ နာရီကြာ တွေ့ဆုံနွေးဆွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရတို့အကြားတွေ့ဆုံခဲ့သည်။
ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါဆွေးနွေးမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက”ဆွေးနွေးတဲ့ အဓိကအကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်နဲ့ ပတ်သတ်ပြီးတော့ ရဲရင့်ပွင်းလင်းစွာနဲ့နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြတာပေါ့။ နောက်ပြီးတော့ အမြင်ချင်းလည်း ဖလှယ်ခဲ့ကြတယ်”ဟု Western News ကိုပြောသည်။
ယင်းပြင် NUG အစိုးရဖက်ကလည်း လက်ရှိလုပ်ကိုင်လျက်ရှိသော အခြေအနေ အခင်းအကျင်းများနှင့်ပတ်သတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်းလည်း ဆက်လက်ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် နောက်ထပ်တစ်ခါ ထပ်မံဆွေးနွေးဖို့ ရှိ မရှိနှင့်ပတ်သတ်၍ Western News က မေးမြန်းမှုအပေါ် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယခုကဲ့သို့ပြောသည်။
“နောက်ထပ်တစ်ခေါက်တွေ့ဆုံဆွေးနွေးဖို့ရှိမရှိဆိုတာတော့ လောလောဆယ်မှာတော့ ကြိုပြောလို့မရသေးဘူးဗျ။ အခြေအနေ အနေအထားတွေပေါ်မှာ မူတည်တာပေါ့နော်”ဟုဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံပိုင်ရုပ်သံက ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ကတက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။
ရခိုင်ပြည်နယ်တွင် ULA/ AA၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကိုနှောင့်ယှက်မှုရှိနေသည့်အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မဖြစ်နိုင်ဟု ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောဆိုထားသည်။
ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကမှု NUG ကဖိတ်ခေါ်ခြင်းကို ULA/AA က အပြုသဘောနှင့် လိုက်လျော့ပြီး ဆက်ဆံရေးတည်ဆောက်ခြင်း မြင်ကြောင်း ၎င်း၏ အမြင်ကိုပြောသည်။
“NUGက အစကနေ ULAကိုဆွေးနွေးဖို့ဖိတ်ခေါ်ထားတာရှိတယ်။ ULA က နွေဦးတော်လှန်ရေးမှာ မပါဝင်ခဲ့တာဟာလည်း ကိုယ့်ပြည်ရဲ့အခြေအနေပေါ်မှာ မူတည်လို့မပါဝင်ခဲ့တာလို့ ပြောဆိုထားတာတွေရှိတယ်ပေါ့။ တွေ့ဆုံတယ်ဆိုတာလည်း NUG က ဖိတ်ခေါ်တာကို ဒီဖက်က အပြုသဘောနဲ့ လိုက်လျော့တယ်။ ဆက်ဆံရေးတည်ဆောက်တယ်လိုပဲမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ULA/AAရဲ့သဘောထားကလည်း အရင်ကတည်းက ကိုယ့်ဒေသကိုယ့်ပြည်ကို ကိုယ့်ဘာသာပဲ တည်ဆောက်မှာပဲ ဆိုတဲ့သဘောထားမျိုးရှိပါတယ်။ စစ်ကောင်စီနဲ့စာရင် NUG နဲ့ တွေ့ဆုံတာ ပိုပြီးသင့်တော်တယ်ဆိုတဲ့နိုင်ငံရေးအရ ယုံကြည်ချက်၊ နိုင်ငံရေးမျှော်လင့်ချက်နဲ့သွားတွေ့တာ ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟုဆိုသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUGနှင့် ULA/AA တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးစရာမရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း BBC ကိုဖြေဆိုထားသည်။
မေလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာတစ်စောင်ပို့ပေးခဲ့ပြီး အဆိုပါ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်းက စစ်ရေး နိုင်ငံရေး ပဋိပက္ခများကြောင့် ပြည်သူလူထု နည်းမျိုးစုံဖြင့် ထိခိုက်ကျင်ခဲ့ရမှုအတွက် များစွာ ကိုယ်ချင်းစာပြီး ပျက်ကွက်မှု များစွာဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပန်စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။
https://www.facebook.com/westernnewsagency/posts/524891832650659