AA သြဇာအောက်က ရခိုင်နှင့် မွတ်ဆလင်တို့ သဟာဇာတ

By Western News/ 2022 May 10

စစ်တပ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် နိုင်ငံရေးအကျပ်အ တည်းဖြစ် နေချိန်တွင် AA သည် နိုင်ငံရေး မျက်စိဒေါက်ထောက်ကြည့်ကာ ရက္ခိတ လမ်းစဉ်ကိုချမှတ်ပြီး သီးခြားဆန်သည့် လမ်းစဉ်ဖြင့် ချီတက်နေခဲ့သည်။

ပြင်းထန်သော ထိုးစစ်များကို ၃ နှစ်ခန့်ကြာ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည့် AA သည့် ယခု အခါတွင် ပြည်နယ်အတွင်း ကြီးမားသော ကိုယ်ပိုင် သြဇာ အာဏာ သက်ရောက်မှုတို့နှင့် အတူ လူမှုအသိုက်အဝန်း ချစ်ကြည်စည်းလုံးရေးမူကို ချမှတ်ထားပြီး ညင်သာ ပျော့ပျောင်းစွာဖြင့် ဖြည်းဖြည်း ကိုင်တွယ်လာသည်။

ထိုအချက်များထဲတွင် တကမ္ဘာလုံးက ထူးခြားစိတ်ဝင်စားစရာရှိနေသည်မှာ ဗုဒ္ဓဘာသာ ရခိုင်နှင့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်တို့၏ ဆက်ဆံရေးအခြေအနေဖြစ်သည်။ ထိုအသိုက်အဝန်းနှစ်ခုသည် ခေတ်အဆက်ဆက် အာဏာပိုင်တို့၏ ကိုယ်ကျိုးရှာ အသုံးချတတ်မှု၊ သဘောထား မရိုးသားမှု လုပ်ရပ်များကြောင့် ပဋိပက္ခများကို မဖြေရှင်းနိုင်ခဲ့ကြပေ။

ထိုမျှမကသေး ရခိုင် ဒေသအတွင်းက ပြဿနာတို့ကို ငြိမ်းချမ်းရေး ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တို့နှင့် နိုင်ငံတကာစင်မြင့် အထိချပြကာ ဖြေရှင်းမှုများရှိသော်လည်း အဖြေမထွက်ဘဲ ပိုမိုဆိုးဝါးသည့် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။

သို့သော်လည်း ယခုအခါတွင် လူမှုအသိုက်အဝန်းနှစ်ခုကြား၌ နားလည်မှုတို့ကို အခြေတည်ကာ ငြိမ်းချမ်းခြင်း အသီးအပွင့်အပေါ်တွင် အဝပ်ကျလာသည်ကို တွေ့နေရသည်။ ထိုသို့ ကိုးကွယ်ယုံကြည်မှုမတူညီသည့် လူမှုအသိုက်အဝန်း နှစ်ခုသည် ယခုအခါ ချစ်ခင်သင့်မြတ်စွာဖြင့် အတူလက်တွဲ ဆက်ဆံလာသည်မှာ ဘာကြောင့်လဲ။ ဘယ်သူ့သြဇာကို ယုံကြည်ကြသလဲ စသည်ဖြင့် ဘာကြောင့် သင့်မြတ်လာရသလဲဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေသည်။

ထို့ကြောင့် မြေပြင် ဒေသခံတို့၏ သဘောထားတို့ကို စာရေးသူ လေ့လာမေးမြန်းကြည့်ရာတွင် ရက္ခိုင့်တပ်တော်၏ ချမှတ်ထားသည့် လမ်းစဉ်ကြောင့်ဟု တညီတညွတ်တည်း ဆိုကြသည်။

“တပ်တော်ရဲ့ လုပ်ပုံ အောင်မြင်မှုကလည်း အင်မတန်မှ လေးစားစရာဖြစ်လာတယ်။ ကျနော်တို့ကတော့ တကယ့်ကို အားရပါတယ်။ တပ်တော် ခေါင်းဆောင်တွေက ရခိုင်ပြည်ရဲ့ ပကတိ သမိုင်းကြောင်းကိုလည်း သိသလို ဘယ်လိုလုပ်ရင် ရခိုင်ပြည်အေးချမ်းမယ်ဆိုတာကို သိတယ်”ဟု မွတ်ဆလင် ဘာသာပြန် စာရေးဆရာ ဦးအောင်ခင်က ပြောသည်။

ခေတ်အဆက်ဆက်အစိုးရတို့က ခွဲခြားဆက်ဆံမှုရှိခဲ့သည့် မွတ်ဆလင်တို့မှာ ယခုအချိန် ရခိုင်တွင် AA ၏ အုပ်ချုပ်ရေးကဏ္ဍများတွင် သူတို့ကို တွဲခေါ် နေရာပေးမှုကို ဝမ်းသာနေကြပြီး ဒေသအတွင်း ဒေသန္တရ အုပ်ချုပ်ရေး၊ ရဲလုပ်ငန်းနှင့် စီမံခန့်ခွဲရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်လာနေခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်မှာ နေထိုင်သူအားလုံး၏ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများအားလုံးကို အသိမှတ်ပြုကြောင်း ပြောဆိုထားသည်။

“မွတ်ဆလင် လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း ဒီပြဿနာနဲ့ ပတ်သက်တဲ့ မေးခွန်းကို စကားတခွန်းနှစ်ခွန်းနဲ့ ဖြေလို့မရနိုင်ဘူး။ လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ ဖြေရှင်းရမယ် ဆိုရင်တောင် ဒီပြဿနာက ကြီးမားလွန်းတဲ့အတွက် ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်းလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့အတွက် ဒါက ကြီးမားတဲ့ ကိစ္စရပ်တခုပါ”ဟု ရခိုင် ဒေသတွင်းက မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး  AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်န်ိုင်က ဘင်္ဂလာဒေ့ရ်ှနိုင်ငံ အခြေစိုက် Prothom Alo မီဒီယာနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

အလားတူ မွတ်ဆလင်နှင့် ရခိုင်တို့၏ ဆက်ဆံရေး အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က”အခုဆိုရင် ကျွန်တော်တို့မှာ လူမှုဘဝတည်ငြိမ်မှု ပိုရှိလာတယ်။ လူမျိုးရေး တင်းမာမှုလည်း ကျဆင်းစပြုနေပြီဖြစ်သလို အပြုသဘောဆောင်တဲ့ လူမှုရေးလုပ်ဆောင်ချက်တွေလည်း ပိုတွေ့လာနေရပြီ။ ဒါတွေဟာ မြင်သာတဲ့ အရွေ့တွေဖြစ်တယ်”ဟု အေးရှားတိုင်းမ် သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ထိုသို့ ရခိုင်နှင့် မွတ်ဆလင်တို့ သင့်မြတ်လာခြင်းမှာ AA ခေါင်းဆောင်တို့က ရခိုင်ပြည်၏ ပကတိ မြေပြင်နှင့် သမိုင်းဆက်နွယ်မှုများကို သိထားခြင်းအပြင် ရခိုင်လူထုတို့ကလည်း သဘောထားကြီးသည့် ပုံစံကိုလည်း တွေ့ရသည်။ ရက္ခိုင့်တပ်၏ လမ်းပြမှုအောက်တွင် ရခိုင်လူထုတို့မှာလည်း သဘောထားကြီးမားမှုနှင့်အတူ စီးပွရေး၊ လူမှုရေးတို့ ကူးလူးဆက်သွယ်၊ ရောင်းဝယ်ဖောက်ကားမှုများရောတိုင်းတွင် ရှိလာနေသည်။

“ရခိုင်တွေဘက်က သဘောထားကြီးကြီး ဆက်ဆံမှ ရခိုင်ပြည်က မွတ်ဆလင်တွေဟာလည်း အနေ အစားရှောင်မယ်။ စီးပွားရေးဝင်ငွေ ဖြောင့်တန်းမှာပဲ။ ရခိုင်တွေကသာ သဘောထား မကြီးခဲ့ရင် မွတ်ဆလင်တွေဟာလည်း နေလို့မရပါဘူးဆိုတာ ပကတိအခြေအနေပဲလေ”ဟု ဦးအောင်ခင်က ဆိုသည်။

ယင်းအပြင် ယခင်က ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းများအကြား လူမျိုးရေး၊ ဘာသာရေးဆန်သည့် အမုန်းတရားများမှာ တစုံတယောက်သို့မဟုတ် အဖွဲ့အစည်းတခု သို့မဟုတ် သူတို့၏ ကိုယ်ကျိုးစီးပွားကို ကြည့်ကာ နိုင်ငံရေး အကျိုးအမြတ်အတွက် ပြဿနာပုံဖော်မှုသာဖြစ်ကြောင်း အားလုံးက လက်ခံထားကြသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းများကြောင့် စစ်တွေ၊ ကျောက်တာ်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူစသည့် မြို့နယ်များရှိ ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြားတွင် လူပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရမှု၊ အိုးအ်ိမ်စီးပွားဥစ္စများ ပျက်စီးဆုံးရုံးမှုကြောင့် ယခုအချိန်ထိမွတ်ဆလင်များမှာ ဒုက္ခသည်စခန်းများတွင် သီးသန့်နေထိုင်ကြရဆဲဖြစ်သည်။

ယင်းမှ တခါ ၂၀၁၇ခုနှစ်တွင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော အရေးအခင်း၌ စစ်တပ်၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် မွတ်ဆလင်ကျေးရွာအများအပြား မီးရှိုးခံရမှု၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရမှုနှင့် အတူ ၇ သိန်းကျော်သော မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ အသက်လုထွက်ပြေးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်မလာနိုင်ကြသေးပေ။

“မွတ်ဆလင်တွေနဲ့ ရခိုင်ကတော့ နဂိုကတည်းက ပုံစံတမျိုးနဲ့ နေသားကျနေတဲ့ အုပ်စုတွေပါ။ အဲဒါကို ကြားထဲကနေ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ အဖွဲ့အစည်းတချို့ရဲ့ နောက်ကွယ်က ပြဿနာတွေ ဖန်တီးထားတဲ့အတွက် နှစ်ဘက်အသိုင်းအဝိုင်းကြား ကိုယ်ကျိုးရှာသူတချို့ရဲ့ သွေးထိုးမှုကြောင့် ဖြစ်သွားတာ”ဟု မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရက က မိန့်သည်။

ထိုသို့ ယုံကြည်မှု၏ အကျိုးဆက်အနေဖြင့် မွတ်ဆလင်များမှာ အချိန်ကြန့်ကြာမှုအနည်းဆုံးနှင့် ငွေကြေးကုန်ကျမှုမရှိခြင်း၊ ဘက်မလိုက်မှုမရှိခြင်း စသည်တို့ကို သဘောကျသည့်အတွက် အမှုကိစ္စကြီးမားမှုတို့အား AA  တရားရုံးများတွင် သွားရောက်တိုင်တန်းမှုများ ရှိနေသည်။

ဥပမာအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လက မင်းပြားမြို့နယ်၊ လက်မ မွတ်ဆလင်ကျေးရွာ၌ ခိုးဆိုးလုယက် မကောင်မှုများကို ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းတခုကို ULA အဖွဲ့ကို ကျေးရွာသားများက လာရောက်ဖြေရှင်းပေးရန် တိုင်ကြားမှုများကြောင့် AA က သွားရောက်ဖြေရှင်းနိုင်ခဲ့သည်။

ထိုသို့ AA က မွတ်ဆလင်တို့၏ မူခင်းများကို ဖြေရှင်းမှုကို စစ်ကောင်စီဘက်က မနှစ်သက်ပေ။ ယင်းကြောင့် ကျောက်တော်၊ မောင်တော၊ ကျောက်ဖြူနှင့် ဘူးသီးတောင်မြို့နယ်တ စသည့်ကျေးရွာတို့မှ ကျေးရွာတာဝန်ခံတို့ကို AA ထံသို့ ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုများ၊ မှုအခင်းများ မတိုင်ကြားရန်နှင့် အဆက်ဆက်သွယ်မလုပ်ရန် တားမြစ်ခဲ့သေးသည်။

ထို့အတွက်ကြောင့် ရခိုင်ပြည်အတွင်းရှိ မတူကွဲပြားသည့်လူမျိုးများကြားတွင် သဟဇာတဖြစ်ရေးအတွက် ULA/AA မှ တစိုက်တမတ်ကြိုးပမ်းလုပ်ဆောင်နေမှုကို စစ်ကောင်စီမှ ကန့်ကွက်မှုများရှိနေကြာင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက ပြောသည်။

“အဲဒီလိုလုပ်ဆောင်နေတာကို စကစ ဘက်က ကျနော်တို့ကိုစာရေးပြီး ကန့်ကွက်တာတွေရှိတယ်။ အထူးသဖြင့် ဘူးသီးတောင်၊ ရသေ့တောင်ဘက်မှာ ကျနော်တို့ဘက်ကနေပြီးတော့ မွတ်ဆလင်ရွာတွေမှာ ဆေးကုသပေးတာတွေ၊ မွတ်ဆလင်ရွာတွေမှာ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံတာ၊ ဒေသခံမွတ်ဆလင်တွေနဲတွေ့ဆုံတာကို စကစ ဘက်က ကန့်ကွက်တာရှိတယ်”ဟု ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

ထို့အပြင် ယခုရက်ပိုင်း မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင်(၆)ဦးတို့ကိုလည်း ကျွဲ၊ နွား သားသတ်လိုင်စင်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး မေလ ၅ ရက် ပြန်လွှတ်ပေးခဲ့သည်။

အခြားတဘက်တွင်လည်း ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ လူမျိုးရေး ပဋိပက္ခကိုဦးတည်စေနိုင်သည့် ထူးခြားဖြစ်စဉ်များ ဆက်တိုက်ကြုံလာသဖြင့် ဒေသခံများကို ဆင်ခြင်သတိထားကြဖို့ AA က ဒီဇင်ဘာလ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မွတ်ဆလင်ကျေးရွာများနှင့် နီးကပ်သည့် ရခိုင်နှင့် မွတ်ဆလင်ရွာတချို့မှာ ဒေသခံတို့ စပါး မီးရှို့ခံရတာ၊ စပါးရိတ်စက်များ ဖျက်စီးခံရခြင်း၊ မွတ်ဆလင် စာသင်ကျောင်းတချို့မီးလောင်ခြင်းစသည့် လူမျိုးရေးပါသည့် ဖြစ်စဉ်တချို့ ရှိနေကြောင်းနှင့် ထိုဖြစ်စဉ်များသည် ဒေသတွင်း လူမျိုးရေးပဋိပက္ခ့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်စေဖို့ တမင်ဖန်တီးသည့် လုပ်ရပ်များဟု ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ပြောဆိုသည်။

သို့သော်လည်း မွတ်ဆလင်တို့မှာ ထိုအခြေအနေများကို ကျော်ဖြတ်ပြီး ဒေသတည်ငြိမ်မှုနှင့်အတူ လူမှုရေး ကိစ္စရပ်များတွင်လည်း ရခိုင်နှင့် သဟဇာတကျကျဖြင့် ရိုင်းပင်းကူညီနေကြဆဲဖြစ်သည်။

ဘူးသီးတောင်ဒေသခံလည်းဖြစ် လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးအောင်သောင်းရွှေကလည်း “အခုဆိုရင် ကူးလူးဆက်ဆံမှုတွေ တဦးနဲ့ တဦး ယုံကြည်မှုရှိစွာနဲ့ ချိတ်ဆက်နိုင်လာတယ်။ ULA/AA ကလည်း သူတို့ လုံခြုံရေးအတွက် ကာဗာ ပေးထားတာရှိတယ်။ ယခင်က မသွားရမလာရတဲ့ အခြေအနေကနေ လွတ်လပ်စွာသွားလာခွင့် ရှိလာတယ်။ အဓိကတော့ တန်းတူရည်တူ အခွင့်အရေးပေါ့”ဟု ပြောသည်။

ထို့အတူ AA သည် လူမျိုးရေး ပဋိပက္ခများကို လျော့ချနိုင်ရေးအတွက ပြီးခဲ့သည့် ဒီဇင်ဘာလက ကျောက်တော်မြို့နယ် ဗိုလ်မင်းကျေးရွာတွင် ULA/AA က ဦးဆောင်ပြီး အနီးအနားနေ ရခိုင်နှင့် မွတ်ဆလင်တို့အကြား၌ ချစ်ကြည်ရေး ဘောလုံးပွဲများကို ဦးဆောင်၊ လုံခြုံရေးယူကာ ကျင်းပပေးခဲ့သည်ကို တွေ့ရသည်။

ထိုနည်းတူစွာ ဖော်ဝါရီလက ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း ပုဏ္ဏားကြီးကျေးရွာအုပ်စုတွင်တည်ရှိသည့် သမိုင်းဝင် လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ဆောက်လုပ်မည့် စိုင်းတုတ်ကျွန်းရှိ မွတ်ဆလင်၄ ရွာက ရွာသားများက ဘုရားပွဲတော်အတွက် ငွေ ကျပ် ၂၄ သိန်းကျော်ကို  လှူဒါန်းခဲ့ကြသည်။ ထိုသို့လှူဒါန်းသည်မှာ လည်း မည့်သည့်အဖွဲ့အစည်းကမှ စည်းရုံးလှုံဆော်၍ မဟုတ်ဘဲ မိမိတို့ အသိစိတ်ဖြင့် ရိုင်းပင်းကြခြင်းဖြစ်သည်။

အလားတူ ယခု မေလ ပထမအပတ်ကလည်း မင်းပြားမြို့နယ် ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူ ဘုရားပေါင်းဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ထိုဘုရားပွဲတွင် မွတ်ဆလင်များကလည်း ရခိုင်ရိုးရာကျင်ပွဲများတွင် ပူးပေါင်းပါဝင်ကာဆင်နွှဲခဲ့ကြသည်။

ထို့အတူ မောင်တောဇာတိဖြစ်သော မွတ်ဆလင်ခေါင်းဆောင်တဦးဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒေါက်တာဝါကာအူဒင်သည်  ဧပြီလ ၂၉ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားမှုနှင့် ပတ်သက်ပြီးလည်း ULA က မိသားစုနှင့် ထပ်တူ ဝမ်းနည်းရကြောင်း မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဒေါက်တာဝါကာအူဒင်သည် ရခိုင်ရှိ အသိုင်းအဝိုင်းနှစ်ခုအကြား ပဋိပက္ခများကိုဖြေရှင်းရန် ULA/AA နှင့်အတူ မနေမနားကြိုးစားဆောင်ရွက်ခဲ့ပြီး  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတို့အတွက် လက်တွေ့ကျကျဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနှင့် သသဇာတကျရေးကို အားထုတ်ကြိုးပမ်းနေကြချိန်၌ ကွယ်လွန်ခြင်းသွားသည် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်းလည်း ULA က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုအကြောင်းအရာတို့ကို ထောက်ရှုကြည့်ခြင်းအားဖြင့် ရခိုင်တွင် အရေးအခင်းဒုက္ခတို့ကို လက်တွေ့ သင်္ခန်းစာများ ရရှိခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်ရွာသားများ အကြားတွင်လည်း နှစ်ဘက်ကိုယ်ချင်းစာနာမှုကို ပြသခဲ့ကြပြီး ဆက်ဆံမှုမှာလည်း တစတစ တိုးတက်လာခဲ့ခြင်းကို မြင်ရသည်။

“ပြီးခဲ့တဲ့ ကာလကထက် အဆင်ပြေပါတယ်။ ထင်းခွေ၊ ဝါးခုတ်တဲ့ သူတွေကလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရလာကြတယ်။ လယ်ယာတွေ၊ သီးနှံ့စိုက်ပျိုးရေးတွေလည်း လုပ်ကြရတယ် ဆိုတော့ အများကြီးမဟုတ်ပေမယ့်လည်း ဒီနှစ်တွေမှာ နည်းနည်းရှောင်လည်တယ်ဆိုတဲ့ သဘောပါ။ ရခိုင်တွေနဲ့လည်း ကျနော်တို့နဲ့ ဘာပြဿနာမှ မရှိပါဘူး”ဟု ဘူးသီးတောင်ဒေသခံ မာမတ်မျှောင်ကပြောသည်။

အချုပ်အားဖြင့် ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်အရေးကို ဖြေရှင်းမည်ဆိုပါက အုပ်ချုပ်သူ အစိုးရများ၏ မူဝါဒသဘောထားထက် သက်ဆိုင်ရာမျိုးနွယ်စုတို့၏ ဆန္ဒကလည်း အရေးပါနေပြီး ပြည်နယ်အတွင်း သြဇာလွမ်းမိုးထားသည့် AA နှင့်လည်း တိုက်ရိုက်သက်ဆိုင်လာကြောင်း တွေ့မြင်လာရသည်။

ထိုသို့ လိမ္မာပါးနပ်သည့် AA ခေါင်းဆောင်တို့၏ အမြော်အမြင်တို့ကြောင့် သမိုင်းနှင့်ချီပြီး ဖြစ်ပွားနေသော လူမျိုးနှစ်ခုအကြားက ပြဿနာမီးပွားများကလည်း ငြိမ်းသက်နေလာဟု မွတ်ဆလင် အသိုင်းအဝိုင်းက မှတ်ချပေးနေကြသည်။

 “တပ်တော်က ခေါင်းဆောင်တွေက ရခိုင်ပြည်ရဲ့ ပကတိ သမိုင်းကြောင်းကိုလည်း သိသလို ဘယ်လိုလုပ်ရင် ရခိုင်ပြည်အေးချမ်းမယ်ဆိုတာကို သိတဲ့ အတွက်ကြောင့် AA ကလုပ်လာနေတာ”ဟု ဦးအောင်ခင်က ပြောသည်။

ကျော်ဝင်းချေ ရေးသားသည်။

https://www.facebook.com/westernnewsagency/posts/519839639822545

Leave a Reply

Your email address will not be published.