AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာတရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးကို မေလ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

By Narinjara / 2022 May 05

မြထွီးသျှင်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်အကြာ တရားစွဲဆိုခံနေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦးကို မေလ ၁၉ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာသို့ ပြောသည်။

“ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးတယ်။ နောက်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်” ဟု ပြောသည်။

၎င်းတို့ကျောက်ဆိပ်ရွာသား ၅ ဦး၏ ယနေ့ မေလ ၅ ရက်ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။

သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ (၃၃) ဦး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း သူတို့ ၅ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ယင်းနောက် သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် AA နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံနေရသူ ၄၆ ဦးကို နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် ကျောက်ဆိပ်ရွာသားများပါဝင်မည်ဟု မိသားစုများက မျှော်လင့်ခဲ့သော်လည်း လွတ်မြောက်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုနှင့် ဆက်လက်တရားစွဲခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် သူတို့၏အမှုကိုလည်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်။

https://www.facebook.com/narinjara.info/posts/pfbid0S4drHBbk7aSee3RJKv422EMgXTDBpYQvAUgg81K1Ah3pVDbMjxCp1HGG24mm3cRWl

Leave a Reply

Your email address will not be published.