၉ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို သံတွဲမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

By Narinjara / 2022 May 10

လာမည့် မေလ ၁၅ရက်နေ့တွင် ကျရောက်မည့် ၉ နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့ ဒွာရာဝတီခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

အမျိုးသားနေ့အကြိုနေ့ဖြစ်သည့် မေလ ၁၄ရက်နေ့ ညနေပိုင်းတွင် စာပေ ဟောပြောပွဲ၊ ရခိုင်ရိုးစာ အဝတ်အထည်၊အစားသောက်၊ဒေသ ထွက်ကုန် ပစ္စည်းများ ခင်းကျင်းပြသ ရောင်းချပွဲ၊ စတိတ်ရှိုးပွဲ(အခမဲ့)တို့ကို ပြုလုပ်သွားရန်ရှိသည်ဟု ရခိုင်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ(သံတွဲ) ဥက္ကဌ ဦးအောင်ကျော်စိုးက ပြောသည်။

၎င်းအပြင် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကိုလည်း ကျင်းပနေပြီး အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်နေသည်ဟု သိရသည်။

 “ဟောပြောပွဲမှာ ပြောမယ့်ပုဂ္ဂိုလ်တွေကတော့ နှစ်ဦးပေါ့။ ရဟန်းတစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦး။ ရဟန်းကတော့ အမျိုးသားရေးနဲ့ ပရဟိတလုပ်တဲ့ ပုလဲရတနာ‌ ဘကကျောင်းက ကျောင်းထိုင်ဆ ရာတော်ရယ်။ We Love Rakhineရဲ့ ဒုတိယဥက္ကဋ္ဌ သံတွဲဒေသခံ ဦးကျော်သိန်းခိုင် ဖြစ်ပါတယ်။ ဘောလုံးပွဲကတော့ ကျင်းပနေပြီ။ အသက် ၁၈နှစ်အောက်။သံတွဲမြို့နယ်က ၂၄သင်းယှဉ်ပြိုင်ကြမှာ။ ပထမရတဲ့အသင်းကို ၁၅ရက်နေ့မှာဆုပေးသွားမယ် “ဟု ပြောသည်။

ယင်းအပြင် အထက်တန်း၊ အလယ်တန်းကျောင်းသူ၊ကျောင်းသားများ အတွက်လည်း ရခိုင်သမိုင်းကြောင်းနှင့် ပတ်သက်၍ ရေးသားရမည့် စာစီစာကုံးပြိုင်ပွဲပါဝင်ပြီး ပထမဆု ၁သိန်းနှင့် ဒုတိယ၊ တတိယ ဆုတို့ကိုလည်း အသီးသီး ‌ချီးမြှင့်သွားမည်ဟုသိရသည်။

 “၁၅ရက်နေ့မှာတော့ နေ့ခင်း ၂နာရီမှာ ပွဲလုပ်ဖို့ပေါ့။ အဲဒီမှာ ၂နှစ်တာ အစိုးရဘွဲ့ခံ ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းနဲ့ ချီးမြှင့်သွားဖို့ရှိတယ်။ ပြီးတော့ အမျိုးသားရေးနဲ့ပတ်သက်လို့ ပရဟိတဆိုင်ရာမှာ စွန့်စွန့်စားစား ဦးဆောင်ခဲ့တဲ့ဆရာတော် တစ်ပါးကိုဂုဏ်ပြုချီးမြင့်သွားမယ်။ အမျိုးသားရေးနဲ့ ဆက်စပ်တဲ့ သမိုင်းကြောင်း၊ ရာဇဝင်၊ပထဝီတွေကို ဟောပြောသွားမှာ ဖြစ်တယ်”ဟု ဦးအောင်ကျော်စိုးက ပြောသည်။

သံတွဲမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ ရခိုင်မျိုးသားနေ့ကို ပထမဆုံးကျင်းပခဲ့သော် လည်း အခက်အခဲမျိုးမျိုးကြောင့် စည်စည်ကားကား မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူတွင် ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကို ဘုရားသွန်းလောင်းပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ်ကျင်းပကြသည်ဟု သိရှိရသည်။

https://www.facebook.com/narinjara.info/posts/5448488255163207

Leave a Reply

Your email address will not be published.