၆ နှစ်ကြာ ပိတ်ထားရသည့် ရခိုင်က စာသင်ကျောင်း ၁၂၀ ကျော် ယခုပညာသင်နှစ်တွင်လည်း မဖွင့်လှစ်နိုင်သေး

By Western News/ 2022 May 26

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ ပိတ်ထားရသည့် အစိုးရ အခြေခံပညာစာသင်ကျောင်း ၁၂၂ ကျောင်းအား ယခုပညာသင်နှစ်တွင်လည်း ဖွင့်လှစ်နိုင်မည် မဟုတ်ဟု ရခိုင်ပြည်နယ်ပညာရေးမှုးရုံးမှ သိရသည်။

ကျောင်းပြန်ဖွင့်ချိန်တွင် မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားရသည့် ကျောင်းများထဲတွင် ၂၀၁၇ ခုနှစ်က ဘူးသီးတောင်နှင့်‌ မောင်တောတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပိတ်ထားခဲ့ရသည့်ကျောင်းများနှင့် ၂၀၁၈ ခုနှစ် နောက်ပိုင်း ရခိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပိတ်ထားရသည့် ကျောင်းများပါဝင်သည်။

ကျေးရွာများတွင်  နေထိုင်သည့်ရွာသားများ မရှိသည့်အတွက် အဆိုပါ ရွာများတွင်ရှိသည့် အခြေခံပညာစာသင်ကျောင်းများကို ပိတ်ထားရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာ‌ရေးမှူးရုံးမှ  ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က  Western News ကိုပြောသည်။

“မောင်တောခရိုင် နဲ့ ရသေ့တောင်မြို့နယ်တွေမှာပိတ်ခဲ့တဲ့ ကျောင်းတွေကတော့ ရွာတွေမှာ လူတွေ မရှိတဲ့အတွက်မဖွင့်ဖြစ်တာဖြစ်တယ်။ ဒီနှစ်မှာတော့ဘူးသီးတောင်ကကျောင်းနှစ်ကျောင်းကိုပြန်ဖွင့်နိုင်အောင်လုပ်နေတာရှိတယ်။ ကျောက်တော်မှာလေ့မဖွင့်နိုင်တဲ့ကျောင်းတွေရှိသေးတယ်။ စုစုပေါင်းမဖွင့်နိုင်တဲ့ကျောင်း ၁၂၂ ကျောင်းရှိတယ်။ အဲဒီထဲမှာ မောင်တောက ၆၁ ကျောင်းပါတယ်”ဟုပြောသည်။

အဆိုပါပိတ်ထားခံရသည့် ကျောင်းများမှာ တက်‌ရောက်နေသည့်  ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ကြားခွင့်ရရှိအောင်စစ်ဘေးရှောင်စခန်းအနီးမှာယာယီစာသင်ကျောင်းများဆောက်လုပ်၍စာသင်ကြားပေးနေပြီးတစ်ချို့ကလည်းနီးစပ်ရာကျောင်းများမှာတက်‌ရောက်စာသင်ကြားနေကြခြင်းဖြစ်သည်။

ယခု ၂၀၂၂-၂၀၂ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်တွင် အစိုးရသင်အခြေခံပညာစာသင်ကျောင်း ၃၁၈၈ ကျောင်း ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်း ၈၀ ကျောင်း နှင့် ကိုယ်ပိုင်စာသင်ကျောင်း ၅၀ကျောင်း ဖွင့်လှစ်ပညာသင်ကြားသွားမည်  ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးမှာ အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ ၂ ရက်နေ့မှာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

ယခုနှစ်တွင် ကျောင်းသား ကျောင်းသူများကို အခမဲ့‌ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်ကျောင်းသား ကျောင်းသူများ အား ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် နှင့် စာရေးကိရိယာတွေ ‌ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/530301288776380

Leave a Reply

Your email address will not be published.