အသက် (၅) နှစ်အထက် ကလေးများအားလုံး ကိုဗစ်ကာကကွယ်ဆေးထိုးနှံပေးသွားမည်

By Western News/ 2022 May 27

အခြေခံပညာကျောင်းများအား ဇွန်လပထမပတ်မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ရခိုင်တွင်အသက်(၅)နှစ်မှ(၁၁)နှစ်အထိရှိသည့်ကလေးများအားလုံးကိုကိုဗစ် ၁၉ကာကွယ်ဆေးထိုးနှံပေးသွားမည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

ယခင်က အသက် (၁၂) နှစ်အထက်ကလေးများမှစပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ပြုထားသည့်အတွက် ပြီးခဲ့သည့်ပညာသင်နှစ်က အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိအရွယ်ရှိသည့်ကျောင်းသားများအားကာကွယ်‌ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ကျန်းမာရေးဌာနမှ  အသက် (၅) နှစ်အထက် ကလေးများကိုပါ ကာကွယ်ဆေးထိုးနှံခွင့်ပြုသည့်အတွက် အသက် (၅) နှစ်အထက် ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် မှ Western News ကိုပြောသည်။

“အရင်ကအသက် (၁၂) အထက်ကနေ စပြီးပဲ ကာကွယ်‌ဆေးထိုးခွင့်ပေးတယ်။ အခုက အသက် (၅) ကနေ (၁၁) အထိ ခွင့်ပြုတဲ့အတွက် (၅) နှစ်ကနေ (၁၁) နှစ်အထိ ကလေးတွေကိုကာကွယ်ဆေးထိုးနှံပေးသွားမယ်။ အသက် (၁၈) နှစ်အထိ ကျောင်းသားကျောင်းသူတွေကိုလည်း Sinovac ကာကွယ်ဆေး (၂) ကြိမ်ထိုးပေးထားတယ်။ တော်တော်များများတော့ထိုးပြီးသားဖြစ်တယ်။ မထိုးရသေးတဲ့ကလေးတွေလည်းထိုးပေးမယ်”ဟုပြောသည်။

အသက် (၅) နှစ်အထက် ကလေးများအားလုံးကို Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးမည်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်းမှာ ကာကွယ်‌ဆေးများ ရောက်ရှိမှာဖြစ်ပြီး ကျောင်းစဖွင့်တာနှင့် တစ်ပြိုင်နက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ စတင်မည်ဟု ဒေါက်တာစိုးဝင်းပိုင်မှ ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူဦး‌ရေ (၁၇) သိန်းကျော်နှင့် နှစ်ကြိမ်ထိုးနှံပြီးသူဦးရေ (၁၃) သိန်း ကျော်ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မေလ (၂၄) ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူဦးရေ (၅) သန်းကျော် နှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူဦးရေ (၂၆) သန်းကျော် ရှိကြောင်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/531191482020694

Leave a Reply

Your email address will not be published.