အမ်းမြို့နယ်တွင် မိုးကြိုးထိမှန်ပြီး မြစ်ထဲပြုတ်ကျသွားသည့် အမျိုးသမီး၏အလောင်းကို တွေ့ရှိ

By Development Media Group (DMG)/ 2022 May 04

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မိုးကြိုးထိမှန်ပြီး မြစ်ထဲပြုတ်ကျသွားသည့် အမျိုးသမီး၏အလောင်းကို ယနေ့(မေလ ၄ ရက်) နံနက် ၁၁ နာရီခန့်ကတွေ့ရှိခဲ့သည်ဟု မိသားစုဝင်များက DMG သို့ပြောသည်။

သေဆုံးသွားသူမှာ တောင်ရှည်ကျေးရွာမှ အသက်(၄၀)အရွယ် ဒေါ်သိန်းခင်ကြည်ဖြစ်သည်။ ၎င်းမှာ ယမန်နေ့(မေလ ၃ ရက်) ညနေ ၃ နာရီခန့်က မိသားစုဝင်လေးဦးနှင့်အတူ ကျောက်ဖျာကျေးရွာရှိနာရေးတစ်ခုမှ စက်လှေဖြင့်ပြန်လာစဉ် မြေပုံမြို့နှင့် အမ်းမြို့ကြားရှိမြစ်ထဲတွင် မိုးကြိုးထိမှန်ပြီး မြစ်ထဲပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ထိုသို့မြစ်ထဲပြုတ်ကျပျောက်ဆုံးနေသည့် ဒေါ်သိန်းခင်ကြည်၏ရုပ်အလောင်းကို ယနေ့နံနက်က မြစ်ကျွန်းအဝဘက် သလူမော်ကျေးရွာအနီးတွင်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

မိသားစုဝင်ဦးကိုကိုဝင်းက “ပထမတော့ မိုးမရွာပဲနန့်လျှပ်စီးတယ်။ စက်လှေစက်ပျက်သွားတယ်။ အဲဒီနောက် မိုးရွာလာပြီး မိုးကြိုး ၂ ချက်ပစ်တယ်။ သားမိနှစ်ယောက်လုံး မြစ်ထဲပြုတ်ကျသွားတယ်။ အဲဒီမှာ သူ့အမေရေထဲနစ်သွားတယ်။ သူ့သားကတော့ ဘာမှမဖြစ်ခဲ့ဘူး။ ပျောက်သွားတဲ့ အမေဖြစ်သူအလောင်းကိုတော့ ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က ပြန်ရှာတွေ့ခဲ့ပါတယ်”ဟု ဆိုသည်။

လက်ရှိမှာ ရုပ်အလောင်းကို တောင်ရှည်ကျေးရွာသို့သယ်ဆောင်သွားပြီး သဂြိုဟ်မည့်ရက်ကို လတ်တလောတွင် မသိရသေးကြောင်း ၎င်းမိသားစုဝင်ကဆက်ပြောသည်။

ဧပြီလ(၁၅)မှ လာမည့်မုတ်သုံကာလမတိုင်မီအထိ မိုးကြိုကာလတွင် နေ့အပူချိန်မြင့်တက်ခြင်း၊ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုပ်ရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက DMG သို့ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းကလည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်၊ နေအိမ်နှင့် သာသနိကအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2285066228312442

Leave a Reply

Your email address will not be published.