အမ်းမြို့ဒေသခံတွေ ရိက္ခာသယ်ယူခွင့် ပြန်ရ

By RFA / 2022 May 25

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့မေလဆန်းပိုင်းကစလို့ ဆန်ရိက္ခာသယ်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒါးလက်ချောင်း ကျေးရွာအုပ်စုအတွင်းက ရွာတွေကို စစ်ကောင်စီတပ်ကနေ ခွင့်ပြုပေးလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ဆန်အိတ်တွေ သယ်ယူခွင့် ရသွားပြီလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အစကတော့ သူတို့က ဆန်အိတ်တင်ခွင့်မပေးဘူးလေ။ တစ်အိတ်၊ နှစ်အိတ်တောင် မနည်းပြောပြီး ယူရတယ်။ ဒီတော့ ကုန်ဈေးနှုန်းတွေကလည်း ကြီးလာတယ်။ ကျနော်တို့က တော်တော်လေး အခက်ဖြစ်သွားတာပေါ့။ အဲဒါကို RFA ကလည်း သတင်းတွေတက်လာတယ်။ ကျေးရွာတွေက လူကြီးတွေကလည်း သူတို့နဲ့ သွားညှိတယ်။ ဒီတော့ အထက်ကလူကြီးတွေသိသွားပြီး ခွင့်ပြုပေးလိုက်တာပါ။ အခုတော့ နည်းနည်း အဆင်ပြေသွား ကြတာပေါ့လေ”

ရခိုင်ပြည်နယ်မှာ အခုမေလဆန်းပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေး တင်းမာနေတာကြောင့် အဲဒီဒေသကို စစ်ကောင်စီတပ်က ဆန်ရိက္ခာတင်ယူခွင့် ကန့်သတ်ပိတ်ပင်ထားခဲ့တာပါ။

ဒါးလက်ချောင်းကျေးရွာအုပ်စုကို ဝင်တဲ့လမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆန်ရိက္ခာ သယ်ယူခွင့်ကို ပြီးခဲ့တဲ့ မေလ ၆ ရက်ကစလို့ ကုန်းလမ်းကရော၊ ရေလမ်းကပါ ပိတ်ပင်ထားခဲ့တာပါ။ ဒါကြောင့် ဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြတဲ့ အကြောင်းကို RFA က သတင်းရေးသားဖော်ပြခဲ့ပါတယ်။

ဒါးလက်ချောင်းကျေးရွာအုပ်စုမှာ ဒါးလက်အနောက်ကျေးရွာ၊ ဒါးလက်မြောက်ကျေးရွာ၊ ဒါးလက်တောင် ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၄၂ ရွာ လူဦးရေတစ်သောင်းကျော်ရှိပြီး အများစုကတော့ ချင်းတိုင်းရင်းသား တွေ နေထိုင်ကြတာပါ။

အဲဒီဒေသဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် ဆန်စပါးတွေကို တခြားဒေသတွေဆီကနေ ဝယ်ယူစားသောက်နေရတဲ့ဒေသ ဖြစ်ပါတယ်။

ဒါးလက်ချောင်းကျေးရွာအုပ်စုက ဒေသခံတွေဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေက တိုက်ပွဲတွေကြောင့် အမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပြီးခဲ့တဲ့ မတ်လကမှ စစ်ကောင်စီကနေ နေရပ်ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161844315918128

Leave a Reply

Your email address will not be published.