အစိုးရထောက်ပံ့မှုမရတာ သုံးလကြာမြင့်နေတဲ့အတွက် ရခိုင် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေ

By  Voice Of Westland (VOW)/ 2022 May 16

ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို အစိုးရက စားနပ်ရိက္ခာနဲ့ ဆန်ထောက်ပံ့မပေးတာ ၃ လတာကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် စားဝတ်နေရေး အခက်တွေ့နေပြီး ဖြစ်သလိုရှာကြံစားသောက်နေရတယ်လို့ အဲဒီစစ်ရှောင်စခန်းတွေက စစ်ဘေးရှောင်တွေက VOW ကို ပြောပါတယ်။

“စခန်းကို အရင်က လူကယ်ပြန်နဲ့ WFP တို့က အဓိကထောက်ပံ့ ပေးနေတာပါ။ အခု လူကယ်ပြန်က အထောက်ပံမရတာ ၃ လကျော်လို့ ၄ လထဲမှာရှိနေပါပြီ။ ကျနော်တို့အခက် အခဲဒုက္ခတွေရောက်နေကြပါတယ် “လို့ ကျောက်တော်မြို့နယ်က အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ဦးအေးကျော်က ပြောပါတယ်။

အစိုးရရဲ့ လစဉ်ထောက်ပံ့မှုရခဲ့ချိန်ပဲ စားဝတ်နေရေးကျပ် တည်းနေတဲ့အပြင် သုံးလတာထောက်ပံ့မှု ရပ်နားလိုက်တာကြောင့် အတိဒုက္ခရောက်နေကြရတယ်လို့ ကျောက်တော်မြို့နယ် ၊ဘောလုံးကွင်းစစ်​ဘေးရှောင်စခန်းက ဦးသိန်းထွန်းက VOW ကို ပြောပါတယ်။

” မြို့မိမြို့ဖတွေ၊ ကြီးကြပ်ရေးတွေကလာပြီးသတင်းမေးတာလဲမရှိဘူး။ စခန်းထဲကတစ်ယောက်ကဝယ်နိုင်တယ်ဆိုရင် ကျန်တဲ့မရှိတဲ့လူတွေက မျှပြီးတော့အလှဲအလှယ်လုပ်ပြီးတော့စားနေရတယ်။ ဒီအခက်ခဲတွေကို ကျွန်တော်တို့ကဘယ်နေရာကိုဆက်သွယ်ရမယ်၊ မရတဲ့အကြောင်းကို ဘယ်နေရာကိုတင်ပြောရမယ်လဲမသိဘူး။ စစ်တပ်ကလဲတင်းမာနေကြတဲ့ အနေအထားတွေရှိတဲ့အတွက် ထောက်ပံ့ဖို့လာမယ်၊ မလာဘူးဆိုတာကိုမသိရဘူးဖြစ်နေတယ်”လို့ပြောပါတယ်။

ငွေကြေးထောက်ပံ့မှုအနေနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စစ်​ဘေးရှောင်တစ်ဦးကို (၁၇၀၀၀) ကျပ်စီ လစဉ်ထောက်ပံ့မှုရရှိနေသေးတာကလွဲရင် အစိုးရဆီက ဘာအထောက်အပံ့မှမရတာဟာ သုံးလတာကြာမြင့်ခဲ့ပြီလို့ သူကပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ မြေကျင်းတူး၊ မြောင်းတူးစတဲ့ လုပ်ခငွေနည်းပါးလွန်းပြီး ခက်ခဲကြမ်းတမ်းတဲ့ ကြုံရာအလုပ်တွေကို ရှာကြံလုပ်ပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေကြရတယ်လို့ ကဝိရတနာ စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးဖြစ်သူ ဦးသန်းလိူင်က ပြောပါတယ်။

“စခန်းထဲက စစ်ရှောင်တွေအကုန်လုံးရရာအလုပ်ကိုရှာလုပ်ပြီးစားနေကြရတယ်။အိမ်ဆောက်ဖို့လိုက်သွား၊ မြောင်းတူးဖို့လိုက်သွား။မြို့သားတွေမလုပ်တဲ့အညစ်အကြေးနေရာတွေမှာလုပ်ပြီး ငါးထောင်ရ၊ ခုနှစ်ထောင်ရ အဲလိုဆိုးဆိုးရွားရွားလိုက်ပြီးလုပ်စားနေကြရတယ်။ မရှိတဲ့လူကရှိတဲ့လူဆီကချေးငှားစားတယ်။ နောက်ပြီးဆိုင်တွေကအကြွေးဝယ်ကြရတယ်။ ခုလိုတွေဖြစ်နေတာကိုအစိုးရကလည်း လှည့်ကြည့်စေချင်တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်သွားလို့မရတဲ့အတွက် ရှာကြံစားသောက်ဖို့မရှိနိုင်ဘူးဖြစ်နေပါတယ်။ အစိုးရအဖွဲ့ကပေးလိမ့်မယ်လို့ထင်တယ်။ ပေးလဲပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်ထဲမှာ မဟာမုနိစစ်ရှောင်စခန်း ၊ ညောင်ချာင်းစစ်ရှောင်စခန်း၊ ဘောလုံးကွင်းစစ်ရှောင်စခန်း၊ ကဝိရတနာစစ်ရှောင်စခန်း၊ ရထားဘူတာစစ်ရှောင်စခန်း၊ သိမ်ကျောင်းစစ်ရှောင်စခန်း၊ နေပူခံစစ်ရှောင်စခန်း၊ မြို့တော်ခန်းမစစ်ရှောင်စခန်း၊ ကံကြီးရှင်စစ်ရှောင်စခန်း၊ သံကျောင်းစစ်ရှောင်စခန်း၊ သိမ်တောင်စစ်ရှောင်စခန်းနဲ့ ရှမ်းရွာစစ်ရှောင်စခန်းတို့ ဖြစ်ပြီး စခန်းတိုင်းဟာ လူကယ်ပြန်ရဲ့ထောက်ပံ့မှုမရကြဘူးလို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ ၂၀၂၀ ခုနှစ် မတ်လအတွင်းပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တင်းမ၊ မာလာ၊ သာစည်၊ ရွှေပြည်၊ နှမဒါ၊ ပြိုင်းတိုင်း၊ မီးကျောင်းတက်၊ ကျောက်တန်း၊ မုန့်သန်းပြင်၊ လောင်းရှည်၊ ကွမ်းဈေး၊ မွန်ထောက်၊ သူဌေးကုန်း အစရှိတဲ့ကျေးရွာတွေက စစ်ရှောင်စခန်းအသီးသီးမှာ လာရောက်ခိုလှုံနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရခိုင်က စစ်ရှောင်စခန်းတွေကိုဖျက်သိမ်းမှာဖြစ်ပြီး နေရပ်ပြန်မယ့် စစ်ဘေးရှောင်မိသားစုတွေအတွက် တစ်အိမ်ထောင်စုကို ကျပ်ငွေငါးသိန်း ထောက်ပံ့ပေးမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က  ရခိုင်ပြည်နယ်ကောင်စီရဲ့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်ရဲ့ ကျေးရွာအနီးတပ်စွဲထားမှု၊ စစ်လက်နက်အကြွင်းအကျန်တွေရဲ့အန္တရာယ်တွေနဲ့ နေရပ်ပြန်ရင် ဘဝရပ်တည်ရေးအာမခံချက်မရှိတာကြောင့် ရခိုင်စစ်ရှောင်တွေကတော့ နေရပ်ပြန်ဖို့ကိုစိုးရိမ်နေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ နှစ်ဖက်

စစ်ရေးတင်းမာမှုရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့ ရက္ခိုင့်တပ်တော် AAက မနေ့က မေလ ၁၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်တာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ မြန်မာစစ်တပ်အခြေချနေထိုင်တဲ့နေရာတွေနဲ့ အရင်ကတပ်စွဲနေထိုင်ခဲ့တဲ့နေရာတွေကိုသွား ရောက်ခြင်းမပြုလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားပေမယ့် ULA/AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မြန်မာစစ်တပ်နဲ့ စင်ပြိုင်အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ဒီကနေ့မေလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ အွန်လိုင်းက ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။

https://www.facebook.com/VOW2ppl/posts/166775132408539

Leave a Reply

Your email address will not be published.