By Western News/ 2022 May 22

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမြင့်မိုးသည် ယနေ့မေလ ၂၂ ရက်နေ့ ၁၂ နာရီ ၅၄ မိနစ်တွင် ၉၆ ပါး ရောဂါဝေဒနာဖြင့် သူ၏ နေထိုင်ရာ မော်ဘီမြို့က နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကိုမြင့်မိုး၏ ဇနီးဖြစ်သူက”သူ့မှာ အဆုပ်လည်းတခြမ်းမရှိတော့ဘူး။ ကျောက်ကပ်ကလည်းပျက်စီးလို့ရှိပါတယ်။ ဖြစ်နေတာက ဘယ်အချိန်က ဖြစ်နေလဲမသိဘူး။ အခု နေမကောင်းလို့ ဆေးရုံတက်တော့မှပဲ သိရတာ။ အဆိုးဆုံးကတော့ အဆုပ်ပါ။ အဆုပ်မကောင်းတော့ အသက်ရှုပ်ရတာ ခက်ခဲလာတယ်။ ဆရာဝန်တွေက ကုသမှုကုန်ပြီ အိမ်မှာပြန်နားချင်နားဆိုလို့ မနေ့က ဆေးရုံးက ဆင်းလာတာ။ အိမ်ကို ပြန်ယူလာပြီး ဒီနေ့ဆုံးတာပါ”ဟု ပြောသည်။
ကိုမြင့်မိုးအား NLD အစိုးရလက်ထက်တွင် AA နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံရေးပုဒ်မ ၅၀၅၊ ၁၂၄ နှင့် အီလက်ထရွန်နစ်ဥပဒေတို့ဖြင့် အမှုဖွင့်ထားသဖြင့် တစ်သက်လုံး ဝရမ်းပြေးဘဝဖြင့် နေထိုင်သွားရခဲ့သည်ဟု ဇနီးဖြစ်သူက ဆက်ပြောသည်။
“၅၀၅ တို့ ၁၂၄ တို့က စစ်တပ်က ဖွင့်တယ်လို့ထင်တာပဲ။ AA နဲ့ ပတ်သက်တယ်ဆိုပြီးတော့ အကြမ်းဖက် ဥပဒေတွေနဲ့ဖွင့်တာပါ” ဟု ပြောသည်။
ထို့အပြင် ကိုမြင့်မိုးသည် ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်နေစဥ်ကာလတွင် ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်ချမှတ်မခံခဲ့ရဘဲ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ယင်းနောက် သူကြုံတွေ့ခဲ့ရသော ဖြစ်စဥ်များကို”ထောင်တွင်းအတွေ့အကြုံများနှင့် သံတွဲပဋိပက္ခတစေ့တစောင်း”ခေါင်းစဥ်ဖြင့် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။
ကိုမြင့်မိုး သေဆုံးသွားသည့် သတင်းကို ကြားသိရသည့်အတွက် အထူးစိတ်မကောင်းဖြစ်မိကြောင်း သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ရခိုင့်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“တအားစိတ်မကောင်းဖြစ်တယ်။ ပြီးတော့ရုတ်တရက်ကြီး ဒီလိုဖြစ်သွားလိမ့်မယ်လို့ ကိုယ်က ထင်မှတ်မထားဘူး။ တောက်လျှောက်လည်း သူနဲ့ လက်တွဲပြီးတော့ အလုပ်တူတူလုပ်ဖူးတယ်။ စိတ်လည်းမကောင်းဘူး။ ကိုယ်တို့နှင့် လက်တွဲပြီးတော့ လုပ်လာတဲ့အထဲမှာ အရင်းနှီးဆုံးလူထဲမှာပါတယ်။ တက်တက်ကြွကြွ လူထဲမှာပါတယ်။ သူက အမှန်ကိုပြောတယ်။ ပြောလို့ပြီးရင် ကျနော်က အဲလို လူပါဆိုပြီးတော့လည်း ပြောတတ်တယ် ” ဟု ပြောသည်။
ကိုမြင့်မိုးသည် လူမှုကူညီရေးလုပ်ငန်းများနှင့် သဘာဝသယံဇာတလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပေသည်။
တက်ကြွလှုပ်ရှားခဲ့သူတစ်ဦး အသက်ငယ်ငယ်နှင့် ဆုံးရှုံးသွားခဲ့သည့်အတွက် အလွန်ဝမ်းနည်းမိကြောင်း ဝံလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။
“အရပ်ဖက်အဖွဲ့အစည်းတွေမှာ ဝင်လုပ်တာက နိုင်ငံရေးပါတီတွေမှာလုပ်တာထက်နည်းတယ်။ ကိုမြင့်မိုးက ရိုးတောင်ခြေရင်းမှာနေတာ။ ဒါပေမဲ့လို့ သူဟာ ဘူးသီးတောင်၊ မောင်တောဖက်မှာ ပဋိပက္ခဖြစ်တိုင်း၊ နောက်တစ်ခါ သဘာဝဘေးအန္တရာယ်တွေကြုံရတိုင်း လာရောက်ကူညီပံ့ပိုးခဲ့တယ်။ သူဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်လည်းဖြစ်တယ်။ သူဟာ အစိုးရကို ဝေဖန်မှုနဲ့ ထောင်ကျခဲ့တယ်။ သဘာဝသယံဇာတအရေးတွေမှာလည်း တက်တက်ကြွကြွဆောင်ရွက်ခဲ့တယ်။ အဲလို လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ကျနော်တို့အနေနဲ့ ဝမ်းနည်းကြေကွဲရတာပေါ့။ သူရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်ဆိုရင်လည်း သူမှတ်တမ်းတင်ထားနိုင်ခဲ့တာပေါ့ ” ဟု ပြောသည်။
ကြွင်းကျန်ရစ်သော ကိုမြင့်မိုး၏ ရုပ်အလောင်းအား မေလ ၂၄ ရက်နေ့တွင် မှော်ဘီဘောလုံးကွင်း သုသာန်တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကိုမြင့်မိုးကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ်ရှိပြီးဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/527793812360461