By Boder News Agency (BNA) / 2022 May 17
ကျွန်းသားငမန်း ရေးသားသည်။
(ဓာတ်ပုံ- ကျောက်တော်မြို့နယ်၊ဝါးတောင်စစ်ဘေးရှောင်စခန်းအနီးတွင်တွေ့ရသည့် နွားထိန်းကျောင်းနေသူတစ်ဦး/BNA)
ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းတွင် ခိုင်းကျွဲ၊ခိုင်းနွားမွေးမြူခြင်း၊အသားစားသုံးရန်အတွက် ကြ က်၊ဘဲ၊ဆိတ်၊ဝက်မွေးမြူခြင်း လုပ်ငန်းများကို တပိုင်တနိုင်မှသည်စီးပွားဖြစ် ဆောင်ရွက်လျက်ရှိနေကြသည်။
ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်းကို အခြေခံရှိသော ပြည်နယ်တစ်ခုဖြစ်သည်။တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်မှတောင်သူလယ် သမားများသည် တပိုင်တနိုင်မိသားစုစားဝတ်နေရေးအတွက်သော်လည်းကောင်း၊စီးပွားဖြစ်သော် လည်းကောင်း လုပ်ကိုင်လျက်ရှိကြသည်။
ရခိုင်ကျေးလက်များတွင် ကြက်၊ဘဲ၊ဝက်စသည်များကို အိမ်တိုင်းလိုလို မွေးမြူနေကြသလို၊ရခိုင်တောင် သူလယ်သမားများသည် မိမိတို့လယ်ယာသုံး ခိုင်းကျွဲ၊ခိုင်းနွာ စသည်များကို တပိုင်တနိုင်မွေးမြူထားလေ့ရှိကြသည်။
လယ်ယာတောင်သူအများစုမှာ တစ်ဦးလျှင် ကျွဲ၊နွားကောင်ရေ ၅ ကောင်မှ ၁၅ ကောင်ထိထိန်းကျောင်းမွေးမြူလေ့ရှိကြသည်ကိုလည်း တွေ့ရသည်။လူတို့မွေးမြူသောတိရစ္ဆာန်များမှ လူတို့စားသုံးရန်၊လူ သားတို့အတွက် အဟာရဖြစ်စေသော ဥ၊နို့နှင့် နို့ထွ က်ပစ္စည်းများ၊အသား စသည်များ၊လူ့အသုံးအဆော င်အတွက် သားရေများကို ထုတ်လုပ်ရှိနိုင်သည်။
မွေးမြူရေးလုပ်ငန်းများ
ရခိုင်ပြည်နယ်ရှိ လူဦးရေအနေက် ၇၅ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ကြသည်။ပြည်သူအများစုမှာ ကျေးလက်တွင် နေထိုင်သူများဖြစ်ကြပြီး လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။
ကျေးလက်ပြည်သူများသည် လယ်ယာလုပ်ငန်းကို အခြေခံသည် ဆိုသော်လည်း ဆက်စပ်နေသော ကျွဲ၊နွား၊ဆိတ်၊ကြက်၊ဘဲ၊ဝက်စသည့် တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းများဖွံ့ဖြိုးမှုသည် ရခိုင်တောင်သူလယ် သမားများ၏ ဝင်ငွေတိုးတက်မြင့်မာလာရေးကို အထောက်အကူပြုနေသည်။
မွေးမြူရေးလုပ်ငန်းများအောင်မြင်ခြင်းသည် ရခိုင်တောင်သူတစ်ဦးချင်းစီ၏ မိသားစုဝင်ငွေတိုးတက်မြင့်မားလာရေးကို အထောက်အကူပြုနေသည် သာမက၊တစ်ဦးချင်းစီ၏ အသားငါးစားသုံးမှုနှုန်းကိုလည်း မြင့်မားလာစေမည်ဖြစ်သည်။
အခြားတဖက်တွင်လည်း တိရစ္ဆာန် မွေးမြူရေးလုပ် ငန်းမှာ နိုင်ငံခြားငွေရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ခိုင်းကျွဲ၊ ခိုင်းနွားမွေးမြူခြင်းလုပ်ငန်းကို ကျောက်ဖြူ၊ရမ်းဗြဲ၊ မာန်အောင်၊တောင်ကုတ်စသည့် ဒေသများတွင် စနစ်တကျမွေးမြူလျက်ရှိကြသည်။
ထိုဒေသများမှ တောင်သူများသည် ကျွဲ၊နွားစသည်များကို ရောင်းတန်းဝင်ဖြစ်သည်အထိ စနစ်တကျ မွေးမြူလေ့ရှိကြကြောင်း လေ့လာသိရှိရသည်။ သို့ရာတွင် ထိုသို့မွေးမြူရာ၌ တောင်သူတစ်ဦးချင်းမှ အများအပြားမွေးမြူခြင်းမပြုကြဘဲ တစ်ကောင်မှ အများဆုံး သုံးကောင်ခန့်သာမွေး မြူလေ့ရှိကြသည်။
အစုအဖွဲ့ဖြင့်မွေးမြူခြင်းလုပ်ငန်းများ မဟုတ်သေး။အဆိုပါဒေသမှမွေးမြူသော နွားများကို ရိုးမအရှေ့ ဒေသများသို့လည်းကောင်း၊ရခိုင်ပြည်နယ်တဝန်းဒေသများသို့လည်းကောင်း ရောင်းချလေ့ ရှိကြသည်။နှစ်စဉ်ကောင်ရေ သိန်းသောင်းချီ ရောင်းချရကြောင်း မှတ်တမ်းများအရသိရသည်။ပြည်တွင်း ခိုင်းနွားများအဖြစ်သာမက၊အသားစားအဖြစ်လည်း ထုတ်ရောင်းကြခြင်းဖြစ်သည်။
ကျောက်ဖြူ၊ရမ်းဗြဲဒေသမှ နွားများကိုစုဆောင်းပြီး မလေးရှားနိုင်ငံသို့ ကျောက်ဖြူဆိပ်ကမ်းမှတဆင့် တင်ပို့ရောင်းချခဲ့ရသေးသည်။ထို့အတူ အချို့နွား များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သေးသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် တရားဝ င်လမ်းကြောင်းမှသွားသည်ထက် တရားမဝင်လမ်းကြောင်းများဖြင့် သွားနေသည်ကိုလည်း ဖမ်းဆီးရရှိမှု ဖြစ်စဉ်များအရ သိနေရသည်။
စားသုံးမှုနှင့်မွေးမြူမှု
ရခိုင်ပြည်နယ်အတွင်း အသားကဏ္ဍထုတ်လုပ်နိုင်မှုအတွက် ကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်၊ဘဲစသည်များကို မွေးမြူလေ့ရှိကြသည်။သို့ရာတွင် ဥစားကြက်မှအပ အခြားတိရစ္ဆာန်များကို စီးပွားဖြစ်မွေးမြူခြင်း မရှိကြသေးဘဲ တောင်သူများက တပိုင်တနိုင်သာ မွေးမြူလုပ်ကိုင်ခြင်းသာ ရှိသေးသည်။
ရခိုင်ပြည်နယ်တွင်လူတစ်ဦးချင်း၏ အသားစားသုံးမှုမှာ ၂၀၁၇-၂၀၁၈ ခုနှစ် ပြည်နယ်ချုပ်စာရင်းများအရ တစ်လလျှင် လူတစ်ဦးအသား ၁၇ ပိဿာ၊ နို့ ၂ ဒသမ ၆၃ ပိဿာ၊ ကြက်ဥ/ဘဲဥ ၁၃ လုံးကျ စားသုံးလေ့ ရှိကြောင်းသိရသည်။
ဤသို့စားသုံးရာ၌ စစ်တွေခရိုင်တွင် လူတစ်ဦး တစ်လစားသုံးမှုမှာ အသား ၁ ဒသမ ၈၄ ပိဿာ၊ နို့ ၁ ဒသမ ၈၃ ပိဿာ၊ကြက်ဥ ၁၁ လုံး၊မြောက်ဦးခရိုင်တွင် အသား ၁ ဒသမ ၈၉ ပိဿာ၊နို့ ၂ ဒသမ ၇၄ ပိဿာ၊ကြက်ဥ ၁၀ လုံး၊မောင်တောခရိုင်တွင် အသား ၁ ဒသမ ၃၄ ပိဿာ၊ နို့ ၁ ဒသမ ၉၂ ပိဿာ၊ ကြက်ဥ ၈ လုံး၊ကျောက်ဖြူခရိုင်တွင် အသား ၃ ဒသမ ၃၂ ပိဿာ၊ နို့ ၃ ဒသမ ၉၈ ပိဿာ၊ကြက်ဥ ၁၉ လုံးနှင့် သံတွဲခရိုင်တွင် အသား ၃ ဒသမ ၉၇ ပိဿာ၊နို့ ၄ ဒသမ ၀၁ ပိဿာ၊ကြက်ဥ၊ဘဲဥ ၂၆ လုံးစားသုံးကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း မွေးမြူထားရှိသော တိရစ္ဆာန်ကောင်ရေမှာ ၂၀၂၁ ခုနှစ်စာရင်းအရ ကျွဲ ၁ ဒသမ ၇၆ သိန်း၊ နွား ၅ ဒသမ ၆၄ သိန်း၊ဆိတ် ၃ ဒသမ ၁၀ သိန်း၊ဝက် ၀ ဒသမ ၅၉ သိန်း၊ကြက် ၄၄ ဒသမ ၁ဝသိန်း၊ ဘဲ ၀ ဒသမ ၇၃ သိန်း၊ဘဲငန်း/မန်ဒါလီ ၀ ဒသမ ၁၇ သိန်နှင့် ငုံး ၀ ဒသမ ၁၃ သိန်းရှိကြောင်း သိရသည်။ထိုသို့မွေးမြူထားသော တိရစ္ဆာန်များမှာ ဒေသတွင်းမျိုးရင်းတိရစ္ဆာန် အများစုဖြစ်ကြသည်။
တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်မွေးမြူရေး
ရခိုင်ပြည်နယ်တွင် တောင်သူများမွေးမြူရေးလုပ် ငန်းဆောင်ရွက်ကြရာ၌ တပိုင်တနိုင်မိသားစုလုပ် ငန်းများအဖြစ်သာ ဆောင်ရွက်နေကြသေးသည်ကို တွေ့ရသည်။စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ဖြစ် ထွန်းလာစေရေးနှင့်မွေးမြူရေးကျေးရွာများ ဖြစ် ထွန်းလာစေရေးဆောင်ရွက်ပေးရန် လိုအပ်သည်။
အထက်တွင်ဖော်ပြခဲ့သော တိရစ္ဆာန်မွေးမြူမှုကိန်း ဂဏန်းများမှာ တောင်သူတစ်ဦးချင်းမွေးမြူသည်များ၏စာရင်းအများစု ပါဝင်လျက်ရှိနေသည်။
ရခိုင်ပြည်နယ်တွင် စီးပွားဖြစ် ဥစာကြက်မွေးမြူရေး လုပ်ငန်းများ၊အသားစားကြက်မွေးမြူရေးလုပ်ငန်းများရှိသော်လည်း နည်းပါးနေသေးသည်ကိုသာ တွေ့ရသည်။
ကြက်ခြံအများစုမှာ စစ်တွေမြို့နယ်ကို ဗဟိုပြုထားကြောင်း တွေ့ရသည်။ရခိုင်ပြည်သူများ ကြက်သား စားသုံးမှုအတွက် ရိုးမအရှေ့ကြက်ခြံများမှ ဥတုံးမွေးမြူရေးကြက်များကိုမှာယူ ရောင်းချနေရ ကြော င်းလေ့လာတွေ့ရှိနေရသည်။ကျွဲ၊နွားများမှာလည်း ပုညှက်၊အကောင်သေးသော ဒေသမျိုးရင်းများသာဖြစ်နေပြီး သန်မာထွားကျိုင်းသောကျွဲနွားများ မဟုတ်ကြပေ။
အထူးသဖြင့် ထွက်နှုန်းကောင်းသော နို့စားနွားများ မွေးမြူကြခြင်းမရှိသေး။ထို့ကြောင့် ရခိုင်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးတွင် မျိုးရိုးဗီဇပြောင်းလဲမှု မွေး မြူရေး အလေးထားဆောင်ရွက်ရန်လိုနေသည်။
ထို့အတူပင် ဝက်မွေးမြူရေးကိုလည်း တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းမှ စနစ်တကျအထူးပြုမွေးမြူ ရေးလုပ်ငန်းသို့ ကူးပြောင်းဆောင်ရွက်နိုင်ရန် လိုအပ်နေသေးသည်။
လက်ရှိပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥစားကြက်မွေးမြူရေးတွင်သာ ရင်းနှီးဆောင်ရွက်နေကြသည်ကိုတွေ့ရသည်။သို့ရာတွင် ဒေသတွင်း စားသုံးမှုအတွက် လုံလောက်ခြင်းမရှိသေး။ ၂၀၀၀ ပြည့်လွန်နှစ်များက ရခိုင်ကမ်းလွန်ရေနံတူးဖော်ရေး (ဓာတ်ငွေ့တူးဖော်ရေး)စမ်းသပ်မှု လုပ်ငန်းများကို စစ်တွေအခြေစိုက်ဆောင်ရွက်ခဲ့ပြီး ကမ်းလွန်ရေနံလုပ်သားများအတွက်လိုအပ်သော ကြက်ဥ၊ ဘဲဥစသည်များကို လုံလောက်အောင် ရောင်းချနိုင်ခြင်း မရှိခဲ့ကြောင်းသိရှိရသည်။
ဤသည်မှာ ဒေသတွင်း တိုးချဲ့မွေးမြူရေးကို လုပ် ဆောင်ရန် လိုအပ်နေကြောင်း ပြသနေခြင်းဖြစ်သ ည်။
ထို့အတူပင် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် နို့စားမွေးမြူခြင်း၊ခိုင်းကျွဲ၊ခိုင်းနွားမွေးမြူခြင်း၊ဆိတ်၊ ဝက်၊ဘဲမွေးမြူခြင်းတွင် အင်တိုက် အားတိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မတွေ့ရသေး။ ဆိတ်ဆိုလျှင် အကောင်သေးသော ဒေသမျိုးရင်း ဆိတ်များကို မူဆလင်ကျေးရွာများတွင် တပိုင်တနိုင် မွေးမြူကြသည်ကို တွေ့ ရသည်။အသားထွက်ကောင်းသော မျိုးများဖြင့် ပြောင်းလဲမွေးမြူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည်။ဘဲမွေးမြူရေးတွင်လည်း အုံနှင့်ကျင်းနှင့် မွေးမြူသောဘဲခြံများကို ရခိုင်ပြည်နယ်တွင်မမြင်ရသေး။
ဆိုရမည်ဆိုပါက အထူးသဖြင့်တိုင်းရင်းသားစီးပွား ရေးလုပ်ငန်းရှင်များ ပါဝင်သောမွေးမြူရေးဇုန်များ တည်ဆောက်ပေးပြီး မျိုးရိုးဗီဇပြောင်း နို့စားနွားများ၊အသားစားနွားများ၊ခိုင်းကျွဲ၊ခိုင်းနွားများကို မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်နေသည်။
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို ဖော်ဆောင်ရာ၌ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ရေးမှာလည်း အရေးကြီးသည်။
ရခိုင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် မြင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။
မွေးမြူရေးလုပ်ကိုင်သူများအကြား မွေးမြူရေး နည်းပညာတိုးတက်ပြန့်ပွားလာစေရေး၊မွေးမြူသူဦးရေနှင့်မွေးမြူသည့်ကောင်ရေ တိရစ္ဆာန်အမျိုးအစားအလိုက် တိုးတက်လာစေရေး၊ကျန်းမာရေးဆိုင်ရာကာကွယ်ကုသခြင်းလုပ်ငန်းများအား အပြ ည့်အဝဆောင်ရွက်ပေးရေးနှင့်တိရစ္ဆာန်ကူးစက် ရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေး လျက်ရှိနေကြောင်းသိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကျွဲ၊ နွားမျိုးရိုး ဗီဇမြှင့််တင်ခြင်းလုပ် ငန်းများကို မေထုံမဲ့ သားစပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်လည်းရှိသည်။ဤသို့ဆောင်ရွက်ပေးနေသော်လည်း အောင်မြင်မှုမှာ ၂၂ ရာခိုင်နှုန်ူးသာ ရှိကြောင်းဖြင့်လည်း သိရသည်။မေထုံမဲ့သားစပ်လုပ်ငန်းကို စစ်တွေ၊မြောက်ဦး၊မင်းပြား၊ကျောက်တော်၊ဘူးသီးတောင်၊သံတွဲစသည့် ခြောက်မြို့နယ်တွင်သာ လုပ်ကိုင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်(အသားဏ္ဍ) ကျေးရွာ ထူထောင်ခြင်းနှင့် မြို့နယ်အချို့တွင် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်(နို့စားနွား၊ဆိတ်၊ဘဲ) ဖြန့်ဖြူးခြင်းကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ထုတ်ပေးဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသော်လည်း အားနည်းနေ သေးသည်။
ရခိုင်ပြည်နယ်တွင် တောင်သူများ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြရာ၌ တပိုင်တနိုင်မိသားစုလုပ်ငန်း များအဖြစ်သာ ဆောင်ရွက်နေကြသေးသည်ကို တွေ့ရသည်။
စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ဖြစ် ထွန်းလာစေရေးနှင့် မွေးမြူရေးကျေး ရွာများဖြစ်ထွန်းလာစေရေးအတွက် မြ စိမ်းရောင်ကျေးရွာစီမံကိန်းများကို နိုင် ငံတော်မှ မတည်ငွေများထည့်ဝင်ဆော င်ရွက်နေသည်များနှင့်မျိုးကောင်းမျိုးသန့်မွေးမြူရေး မတည်ငွေများထူ ထောင်ပေးခြင်းတို့မှာ ရခိုင်ပြည်နယ် မွေးမြူရေးလုပ်ငန်းတိုးတက်ရေးအား အထောက်အကူပြုနေမည် ဖြစ်သည်။
ကာယကံရှင်များဖြစ်သောတောင်သူများအနေဖြင့်လည်း လုပ်ငန်းများ ကျ ယ်ပြန့်လာစေရေးကို ဥစ္စာရင်လိုဥစ္စာရင်ခဲ ကြိုးစားဆောင်ရွက်သွားကြရန် လို အပ်မည်ဖြစ်သည်။
https://www.facebook.com/permalink.php?story_fbid=167985925643722&id=107469705028678