By Development Media Group (DMG)/ 2022 May 25

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအတွင်းတွင် မြန်မာစစ်တပ်မှ စစ်သားအင်အား ၅၀ ကျော်ခန့်သည် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် စာသင်ကျောင်းတို့၌ တပ်စွဲနေထိုင်နေသဖြင့် ရွာသားအချို့မှာ စိုးရိမ်၍ တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။
အဆိုပါစစ်သားများမှာ ယမန်နေ့(မေလ ၂၄ ရက်) နေ့လည် ၁ နာရီကျော်အချိန်ခန့်ကနေ ဝါဘိုကျေးရွာသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းအထိ နေထိုင်နေကြဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် ဝါဘိုကျေးရွာမှ လူငယ်လူလတ်ပိုင်းများမှာ စစ်ဆေးဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တိမ်းရှောင်နေကြရသည်ဟု တိမ်းရှောင်နေသူတစ်ဦးကပြောသည်။
“သူတို့က ရွာကန်ဘောင်တွေ၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေ စတဲ့ရွာထဲကနေရာတွေမှာ နေနေကြတယ်။ ဒါကြောင့် ကျနော်တို့ကိုမေးမြန်းစစ်ဆေးမှုတို့ ပြုလုပ်လာမှာကိုစိုးရိမ်တဲ့အတွက် အပြစ်မရှိပေမယ့်လည်း ရှောင်တိမ်းနေကြတာဖြစ်တယ်။ အရွယ်ရှိတဲ့လူငယ်တွေ ရွာကနေတိမ်းရှောင်နေကြတာ။ အသက် ၅၀ ကျော် လူကြီးတွေနဲ့ ကလေးတွေပဲ ရွာမှာကျန်တယ်”ဟု ၎င်းကဆိုသည်။
ဝါဘိုကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လက်ရှိတွင် လူငယ်၊ လူလတ်ပိုင်းအမျိုးသားများမှာ ရှောင်တိမ်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာထဲမှာတော့ ယောကျာ်းတွေမရှိသလောက်ပါ။ အားလုံးရှောင်နေရပါတယ်။ မိန်းမတွေပဲရှိတော့တယ်။ တကယ်လို့စစ်ဆေးမေးမြန်းပြီး ဖမ်းခေါ်သွားမှာကိုစိုးရိမ်တာတွေကြောင့် ရှောင်နေကြရတာပါ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝါဘိုကျေးရွာသားတစ်ဦးကပြောသည်။
ယင်းသို့ကျေးရွာသားများကို စိုးရိမ်မှုဖြစ်ပေါ်စေသည့်အတွက် စစ်သားများ ကျေးရွာအတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် လိုလားကြောင်း ဝါဘိုကျေးရွာသားများကပြောဆိုကြသည်။
ဝါဘိုကျေးရွာအတွင်း စစ်သားများနေထိုင်နေသည့်ကိစ္စအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့ရာတွင် “အဘ အစည်းအဝေးတက်နေပါတယ်”ဟု ဖုန်းကိုင်သူတစ်ဦးက ပြောဆိုသည်။
ဝါဘိုကျေးရွာမှ ရပ်/ကျေးစာရေး ဦးမောင်သိန်းက “သူတို့ အခုဘုန်းကြီးကျောင်းဓမ္မာရုံမှာ နေထိုင်ပါတယ်။ ရွာက နာမကျန်းဖြစ်နေတဲ့သူတွေကို ဆေးတွေကုပေးတဲ့လုပ်ငန်းတွေကို လုပ်နေပါတယ်။ သူတို့ ပြောတာကတော့ ကျန်းမာရေးအတွက်လာတယ်။ ပြီးရင် ရွာမှာစာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သန့်ရှင်းရေး လုပ်ပေးဖို့လိုအပ်တယ်ဆိုရင် ကျနော်တို့ကူပြီးလုပ်ပေးမယ်လို့ပြောပါတယ်”ဟု ဆိုသည်။
ဝါဘိုကျေးရွာသားများမှာ ရက္ကန်းလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး အဆိုပါ ရက္ကန်းလုပ်ငန်းကြောင့်ပင် ဝါဘိုကျေးရွာကို လူသိများကြသည်။
ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေမြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း ကျေးရွာအချို့ကို မြန်မာစစ်တပ်မှ ဝင်/ထွက်သွားလာမှုများအား ယခုနောက်ပိုင်းတွင် ခပ်စိတ်စိတ်တွေ့လာရသည်။
ထိုသို့ကျေးရွာများသို့ဝင်ရောက်စဉ် တပ်စွဲနေထိုင်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ULA/AA နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းများရှိကြောင်းလည်း မြန်မာစစ်တပ်ဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ဒေသခံတို့က ပြောဆိုကြသည်။
https://www.facebook.com/dmgnewsagency/posts/2301758696643195